ကချင်ပြည်နယ်ဘက်သို့တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ရှပ်ပြေးယာဉ်(၂)စီးအား KIA ပူးပေါင်းတပ်များက တိုက်ခိုက်

စစ်ကိုင်းတိုင်း ကသာမြို့မှ ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ရိက္ခာတင် ရှပ်ပြေးသင်္ဘော(၂)စီးအား KIA ပူးပေါင်း ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၉)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ(၇)ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြို့လှ PDF ထံမှ သိရသည်။

ယနေ့နံနက်(၇)နာရီခွဲတွင် ကသာမြို့မှ ကချင်ပြည်နယ်ဘက်သို့ ဆန်တက်လာသည့် အဆိုပါစစ်ကောင်စီတပ်ဖွဲ့၏ သံခွန်ရှပ်ပြေးအကြီး(၂)စီးသည် ခမရ(၄၁၆)တပ်ရင်းမှ အင်အား(၈၀)ဝန်းကျင်လိုက်ပါလာပြီး ရွှေကူဘက်သို့ ဦးတည်မောင်းနှင်လာရာ KIA၊ မြို့လှ K-PDF၊ ပကဖ တို့က စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသင်္ဘောကို ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကပ္ပလိပ်ရွာအနီး ကျားကြီးကျွန်းရှေ့တွင် ကသာမြို့နယ် မြို့မ ပကဖ အဖွဲ့က နံနက်(၈)နာရီခွဲတွင် တစ်ကြိမ်၊ ရေနီရွာအနီး၌ နံနက်(၁၀)နာရီတွင် တစ်ကြိမ်၊ မိုးတားရွာ တောင်ပေါ်ကျောင်းအနီး၌ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် တစ်ကြိမ်၊ မိုးတား ပကဖ အဖွဲ့နှင့် (၂)ကြိမ် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါသံခွန်(၂)စီးသည် ဆက်လက်ဆန်တက်လာရာ ဆင်ကုန်တိုင်ရွာအနီး၌ နံနက်(၁၁)နာရီခွဲကျော်တွင် KIA၊ မြို့လှ KPDF အဖွဲ့နှင့်တစ်ကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး မင်းကျောင်းကုန်းရွာတွင်း ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် ခမရ(၃၁၇)အား ထပ်မံအင်အားဖြည့်တင်း တင်ဆောင်လာခဲ့ရာ သာယာကုန်းရွာအထက်၌ မြို့လှ KPDFတပ်ရင်းနှင့်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများအတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး ၎င်းရှပ်ပြေးသံခွန်အကြီး(၂)စီးသည် နေ့လယ်ပိုင်းတွင် ကျောက်ကြီးရွာ ဘုန်းကြီးကျောင်းဆိပ်ကမ်း၌ ကမ်းကပ်ထားကြောင်း သိရသည်။

စစ်ကောင်စီတပ်များသည် ကချင်ပြည်နယ် ရွှေကူမြို့နယ်ဘက်တွင်လည်း တပ်စုလာသဖြင့်  ရွှေကူမြို့နယ် အရှေ့ကမ်းဘက်အခြမ်းသို့ ထိုးစစ်ဆင်လာနိုင်ခြင်းကြောင့် ပြည်သူများ သတိဖြင့်သတင်းများ နားစွင့်နေထိုင်ကြရန်၊ စစ်ကောင်စီအဖွဲ့များကို အဝေးမှရှောင်ရှားပြီး နေထိုင်ပေးကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Video : Myo Hla PDF