တီးတိန်မြို့နယ် သိုင်းငင်း စစ်ကောင်စီတပ် ကင်းစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်ခဲ့သည့် ရုပ်သံထုတ်ပြန်

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသအတွင်းရှိ သိုင်းငင်းစစ်ကောင်စီတပ် ကင်းစခန်းကို တော်လှန်ရေးတပ်ပေါင်းစုက ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ရုပ်သံမှတ်တမ်းအား PDF Zolandက ယနေ့ ဇူလိုင်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်လာသည်။

အဆိုပါ စစ်ကောင်စီတပ်ကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား အများအပြား ထိခိုက်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် ချင်းတော်လှန်ရေး ပူးပေါင်းတပ်မှ ရဲဘော်(၄)ဦး ကျဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကာ အထိနာသည့် စစ်ကောင်စီတပ်က တိုက်လေယဉ်ဖြင့် (၃)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ 

"လက်ရှိအခြေနေက ကျွန်တော်တို့ ပြန်ဆုတ်လိုက်ရတယ်။ အခုတော့ အကုန်ဘေးကင်းသွားပါပြီ။ ရဲဘော်(၄)ဦး ကျဆုံးပြီး ဒဏ်ရာရတဲ့သူ တစ်ချို့ရှိတယ်။ စကစဘက်က အကျများတယ်။ လေယာဉ်နဲ့ဗုံးကြဲတာတော့ မရှိတော့ဘူး။ အရပ်သားတွေကတော့ မတိုက်ခင် ရှောင်ခိုင်းထားတော့ ဘေးကင်းကြတယ်။"ဟု People Defence Army-PDAမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကို ပြောသည်။

ထို့အပြင် ကလေးတက္ကသိုလ် ကျောင်းဝန်းအတွင်းရှိ စစ်ကောင်စီတပ်ကလည်း (၁၂၂)မမ အမြောက်များဖြင့် ပစ်ကူပေးခဲ့သည့်အပြင် လေကြောင်းပစ်ခတ်မှုများကြောင့် ပြန်ဆုတ်ပေးလိုက်ရခြင်း ဖြစ်သည်ဟု သိရသည်။

"ကျည်မလောက်တော့လို့ ဆုတ်လိုက်ရတဲ့သဘောပါ။ ပြီးတော့ လက်နက်ကြီးနဲ့ လေယာဉ်ပစ်ကူကလည်း အဆက်မပြတ် လာနေတော့ ပြန်ဆုတ်လိုက်တာပါ။ စကစဘက်ကတော့ ကလေးမြို့ထဲမှာ စစ်ဆေးရေးကို နေရာတိုင်းလိုလိုမှာ လုပ်နေတယ်။"ဟု People Defence Army-PDA မှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

တိုက်ခိုက်မှုကို CDF CDM SIYIN၊ PDF Zoland၊ ME B5၊ CNDF၊ TCDF၊ KKG B7၊ PDAနှင့် PDF Kalay S2တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : PDF Zoland