မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေများ၌ နိုင်ငံရေးပါတီများ မဲဆွယ်ခွင့် အဟန့်အတားဖြစ်နေခြင်းအား ခရိုင်ကော်မရှင်ညှိနှိုင်းပေးထား

မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေများ၌ နိုင်ငံရေးပါတီများ မဲဆွယ်ခွင့် အဟန့်အတားဖြစ်နေခြင်းအား ခရိုင်ကော်မရှင်ညှိနှိုင်းပေးထား
နိုဝင်ဘာ 4, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်နယ်မြေများ၌ နိုင်ငံရေးပါတီများ မဲဆွယ်ခွင့် အဟန့်အတားဖြစ်နေခြင်းအား ခရိုင်ကော်မရှင် ညှိနှိုင်းပေးထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်အတွင်းရှိ "ဝ"ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံရေးပါတီများ လွတ်လပ်စွာ သွားလာခွင့် မရှိ၍ အဆိုပါဒေသရှိ မဲရုံ (၁၂) ရုံကို ပိတ်သိမ်းသင့်ကြောင့် နိုင်ငံရေးပါတီ (၄) ခုက  ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့က UEC ထံတင်ပြသည့်အတွက် ခရိုင်ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ (၅)ရက်နေ့၌ ဖြေရှင်းပေးထားကြောင်း သိရသည်။
"အခုဆောင်ရွက်ထားတဲ့ အနေအထားကတော့ မဲဆွယ်စည်းရုံးရေးကာလက သိပ်လည်း မကျန်ဘူးပေါ့နော်။ အခုသူတို့ သွားချင်တဲ့ အဲဒီနယ်မြေကို ကျွန်တော်တို့က ညှိနှိုင်းဆောင်ရွက်ပေးထားပါတယ်။ မဲရုံပိတ်သိမ်းဖို့ဆိုတာကတော့ ကျွန်တော်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဒါက UEC က ဆုံးဖြတ်ခွင့်ရှိတာပါ။ ဒီကလည်း သူတို့ရဲ့ လုံခြုံရေး၊ ကျန်းမာရေးကလည်း COVID 19 အရဆိုတော့ စစ်တာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ အရင်တုန်းကလည်း သူတို့ဒေသသွ ားမယ်ဆိုရင် (၂) ရက်ကြိုတင်ပြီးတော့ စာတင်ပါ။ ကျွန်တော်တို့ကလည်း သူတို့(၂)ရက်ကြိုပြီး စာတင်ပေးရင် ဟိုဘက်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးပါမယ်လို့ ပြောထားပါတယ်။
ခုကျန်တဲ့ရက်ကို သူတို့သွားမယ်ဆိုရင် သွားလို့ဖြစ်အောင် ကျွန်တော်တို့လည်း ဒီနေ့အစည်းအဝေးလုပ်ပြီးတော့ အားလုံး စီစဉ်ဆောင်ရွက်ပေးနိုင်အောင် ညှိနှိုင်းပြီးသားဖြစ်ပါတယ်ခင်ဗျ။ ။"ဟု မိုင်းဆတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးစိုင်းတုက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၄)ရက်နေ့တွင် ပြောသည်။
"ဝ"ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုင်းဆတ်မြို့နယ်ရှိ မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စုနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုရှိ ဝမ်ဟုန်(ဝ)၊ ဝမ်ဟုန်(ရှမ်း) ကျေးရွာများသို့ နိုင်ငံရေးပါတီများက မဲဆွယ်စည်းရုံးရေးအတွက် အဟန့်အတားရှိပြီး လွတ်လပ်၍မျှတသည့်ရွေးကောက်ပွဲမဖြစ်နိုင်သဖြင့် မဲရုံ (၁၂)ရုံကို အချိန်မီ ပိတ်သိမ်းသင့်သည်ဟု မိုင်းဆတ်မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများက လက်မှတ်ရေးထိုး၍ နိုဝင်ဘာလ (၃)ရက်နေ့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားခြင်းဖြစ်သည်။
အဆိုပါ တင်ပြချက်နှင့်ပတ်သက်၍ လက်မှတ်ရေးထိုးတင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း (၄)ဦးနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်တို့ နိုဝင်ဘာလ (၄)ရက်နေ့၌ တွေ့ဆုံပြီးနောက် ကျန်မဲဆွယ်ကာလ (၂)ရက်ဖြစ်သည့် နိုဝင်ဘာလ (၅)ရက်နေ့နှင့် (၆)ရက်နေ့များ၌ မဲဆွယ်စည်းရုံးခွင့်ရစေရန် ညှိနှိုင်းဆောင်ရွက်ပေးထားကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့၌ ကျင်းပမည်ဖြစ်ရာ နိုဝင်ဘာလ (၆)ရက်နေ့ ည (၁၂)နာရီမှစ၍ မဲဆွယ်စည်းရုံးခြင်းများကို ရပ်နားကြရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~