ကယားပြည်နယ်လွိုင်ကော်မြို့တွင် လူ (၅၀) နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွား

ကယားပြည်နယ်လွိုင်ကော်မြို့တွင် လူ (၅၀) နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွား
ဖေဖော်ဝါရီ 13, 2019
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နေ့လည် (၁၂) နာရီခန့်မှ စတင်ပြီး အစာ အဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ လူ (၅၀) နီးပါးကို လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ် ဌာနတွင် ကုသပေးနေရကြောင်း သိရသည်။

 "(၁၂) နာရီ နဲ့ (၁) နာရီကြားမှာ တစ်ယောက်စ နှစ်ယောက်စ အန်တယ်။ ဖျားတယ်မူးတယ်ဆို ပြီးတော့ အဲဒီအချိန်မှာပဲ ပြည်သူ့ကျန်းမာရေးက လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်တဲ့အဖွဲ့ အဲဒီမှာချထားတဲ့ ဆေးအဖွဲ့နဲ့ ချက်ချင်းသွားကြည့်တော့ သူတို့အန်တာတွေ ကြည့်ရတာ အစာအဆိပ်သင့်တာဖြစ်ဖို့ များတယ်။ တစ်ယောက်စ နှစ်ယောက်စ ဖြစ်လိုက်တာ နှစ်နာရီလည်း ထိုးရော လူနှစ် (၂၀) လောက် အန်တော့ ဒါသေချာပြီ ဒါအစာအဆိပ်သင့်တာ။ ဒီအစာအဆိပ် သင့်တဲ့အတွက် ဆရာတို့ လုပ်ထုံးလုပ်နည်း အတိုင်း အစာနဲ့ပက်သက်လို့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်တယ် တစ်ဖက်က ကုသရေးတွေလုပ်တယ်”ဟု ပြည်နယ်ကုရေးနှင့် ပြည်သူ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မောင်ရင် ကပြောသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ အထိမ်းအမှတ် အခမ်းအနားအား ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်ရာ အခမ်းအနားသို့ တတ်ရောက်နေသည့် တက္ကသိုလ်ပေါင်းစုံနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၇၀၀) ခန့်ကို နေ့လည်စာများဝေငှခဲ့ပြီးနောက် လူ (၅၀)ခန့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၏ အရေးပေါ်ဌာနတွင် အတွင်းလူနာ (၁၁)ဦးနှင့် ပြင်ပလူနာ (၃၈) ဦးအား ဆေးကုသမှုပေးလျှက်ရှိပြီး စိုးရိမ်ရသည့် အနေအထား မရှိတော့ကြောင်း၊ လက်ရှိတွင် အစားအစာ နမူနာများအား ရန်ကုန်ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့ စစ်ဆေးလျှက်ရှိပြီး ဖေဖော်ဝါရီလ (၁၄) ရက်နေ့မှ အဖြေသိရမည် ဖြစ်ကြောင်း သိရသည်။

ဆန်းဖြိုးထွန်း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
1အအ 1
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~