တာချီလိတ်မှ အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦး ထိုင်းထီ ဘတ်သိန်း(၆၀) ဆွတ်ခူး

တာချီလိတ်မှ အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦး ထိုင်းထီ ဘတ်သိန်း(၆၀) ဆွတ်ခူး
မတ် 1, 2020
By Tachileik News Agency
တာချီလိတ်မှ အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦး ထိုင်းထီ ဘတ်သိန်း(၆၀) ဆွတ်ခူး

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အငြိမ်းစား ရဲတပ်ကြပ်ကြီးတစ်ဦး ၂၀၂၀ ခုနှစ်၊ မတ်လ (၁)ရက်နေ့က ဖွင့်သည့် ထိုင်းထီဆုမှ ဘတ်သိန်း (၆၀)ဆုကို ဆွတ်ခူးရရှိသွားသည်။

ထီကတော့ ဒီလိုပဲ အမြဲတမ်းထိုးဖူးတယ်။ မြန်မာထီကတော့ မထိုးဖြစ်ဘူး။ ထိုင်းထီက (၁၅)ရက်တစ်ခါဆိုတော့ ထိုင်းထီ ထိုးဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်က တစ်ခေါက် ဘတ်လေးသောင်းပေါက်ဖူးသေးတယ်။ ထီက ထိုးတော့ ထိုးပေမဲ့ မပေါက်တာများတော့ မျှော်တော့ မမျှော်ပါဘူး။ ဒီနေ့ သားက လှမ်းပြောတော့ အဖေ ထီဆုကြီး ပေါက်တယ်ဆိုမှ သိတယ်။ ထီပေါက်တယ်ဆိုတော့ ပျော်တာပေါ့။ အလှူလုပ်ဖို့ကလွဲလို့ ကျန်တာတော့ မစဉ်းစားမိဘူး။ ကျွန်တော်ရော အမျိုးသမီးကရော မိတ္ထီလာကဆိုတော့ အဲဒီဘက်မှာလည်း လှူမယ်။ ဦးလေးတို့ သားသမီး(၇)ဦးလုံးက မိသားစုတွေရော မြေးတွေရော ဒီမှာအကုန်ရှိတော့ စုပေါင်းလှူကြမယ်

ဟု ထီဆုပေါက်သည့် အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးအောင်ချစ်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁)ရက်နေ့ ညပိုင်းက ပြောသည်။

ထိုင်းနိုင်ငံမှ ထီဆုကို မည်သည့်နိုင်ငံသားမဆို ထုတ်ယူခွင့်ရှိသော်လည်း နိုင်ငံဖြတ်ကျော် ငွေကြေးသယ်ယူရန်ကိစ္စများ ပါဝင်သဖြင့် ထီပေါက်သူမိသားစုက  ထီဆုထုတ်ယူနိုင်ရေးအတွက် မြန်မာ - ထိုင်း နယ်ခြားကော်မတီ (TBC) အား အကူအညီတောင်းခံ သွားမည်ဖြစ်ကြောင်း သိရသည်။

ဦးလေးတို့က ဘာမှ သိပ်မသိဘူး။ အဲဒီတော့ နယ်ခြားကော်မတီကို အကူအညီတောင်းမယ်

ဟု ထီဆုပေါက်သည့် အငြိမ်းစား ရဲတပ်ကြပ်ကြီး ဦးအောင်ချစ်က  ပြောသည်။

ဦးအောင်ချစ်သည် ၁၉၉၁ ခုနှစ်မှစ၍ တာချီလိတ်ခရိုင် ဝမ်ပုံနယ်မြေရဲစခန်း၌  တာဝန်ကျပြီးချိန်မှစ၍ တာချီလိတ်မြို့၌ အခြေချနေထိုင်လာခဲ့ခြင်းဖြစ်ပြီး ၂၀၀၈ ခုနှစ်၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ကြပ်ကြီးအဖြစ် လုပ်သက် (၃၃)ပြည့် အငြိမ်းစားယူထားသူဖြစ်ကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် မြန်မာထီအပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနှင့် လာအိုနိုင်ငံမှ ထီဆုကို ကံစမ်းသူအများအပြားရှိနေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~