ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးကို Facebook ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားချက်များနှင့် ပတ်သက်၍  မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ၅၀၅(က)ဖြင့် အမှုဖွင့် 

ကျိုင်းတုံမြို့မှ အမျိုးသားတစ်ဦးကို Facebook ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ရေးသားချက်များနှင့် ပတ်သက်၍  မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်ပြီး ၅၀၅(က)ဖြင့် အမှုဖွင့် 
မတ် 19, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်နွန်းကွက်သစ်တွင် နေထိုင်သူ ကိုတွယ်တာကြိုင်အား စစ်တပ်နှင့် ရဲက လာရောက် ဖမ်းဆီးသွားပြီး ကျိုင်းတုံထောင်သို့ ပို့လိုက်ကြောင်း သိရသည်။

၂၀၂၁ခုနှစ် မတ်လ(၁၉)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က လာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးရသည့် အကြောင်းအရင်းကိုလည်း မပြောဘဲ အတင်းအဓမ္မခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်စုံစမ်းချက်အရ ကိုတွယ်တာကြိုင်သည် Facebook တွင် အာဏာသိမ်းစစ်ကောင်စီအား အကြည်ညိုပျက်စေမည့် လှုံ့ဆော်မှုများ အပါအဝင် နိုင်ငံရေးလှုံဆော်သည့် ဗီနိုင်း ပိုစတာများ ထုတ်ဝေရန် အလှူငွေလက်ခံသည့် ကိစ္စများနှင့် ပတ်သက်သည့် အကြောင်းအရာ CRPH အား ထောက်ခံသည့် Post များ ဖြန့်ဝေထားကြောင်း တွေ့ရှိရ၍ဟုဆိုကာ ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးကောင်စီ ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးမိုးဆန်းထွန်းက တရားလိုပြုလုပ်ပြီး ကျိုင်းတုံမြို့မရဲစခန်းတွင် ၅၀၅(က)ဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။

လက်ရှိတွင် မိသားစုမှ ဆက်သွယ်၍ မရကြောင်း သိရသည်။