အာဏာသိမ်း စစ်ကောင်စီက ကရင်နီပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်း(မ်)သတင်းဌာနကို ထုတ်ဝေခွင့်ပိတ်

အာဏာသိမ်း စစ်ကောင်စီက ကရင်နီပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်း(မ်)သတင်းဌာနကို ထုတ်ဝေခွင့်ပိတ်
By Tachileik News Agency

အာဏာသိမ်းစစ်ကောင်စီက ကရင်နီ(ကယား)ပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်း(မ်)သတင်းဌာနကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့မှစ၍ ရုပ်သိမ်းလိုက်သည်။

အာဏာသိမ်းကတည်းက ယနေ့အထိ ထုတ်ဝေခွင့်လိုင်စင်ရုပ်သိမ်းခံရသည့် သတင်းဌာန (၁၂)ခုအထိရှိလာပြီဖြစ်ပြီး သတင်းသမားအများအပြားကိုလည်း အမှုဖွင့် ဝရမ်းထုတ်ခံထားရကာ သတင်းသမား (၆၀)ကျော်မှာလည်း ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ရန်ကုန်အခြေစိုက် Myanmar Now၊ DVB၊  7 Days၊ Mizzima၊ Khit Thit နှင့် ကမာရွတ်မီဒီယာ၊ ရှမ်းပြည်နယ်အခြေစိုက် Tachileik News Agency၊ ကချင်ပြည်နယ်အခြေစိုက် မြစ်ကြီးနားဂျာနယ်နှင့်The 74 Media၊ ဧရာဝတီတိုင်းအခြေစိုက် Delta News Agencyနှင့် စစ်ကိုင်းတိုင်း အခြေစိုက် ဇေယျာတိုင်း(မ်) သတင်းအေဂျင်စီနှင့် ကရင်နီ(ကယား)ပြည်နယ်အခြေစိုက် ကန္တရဝတီတိုင်း(မ်)သတင်းဌာနတို့ကို ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းထားခြင်းဖြစ်သည်။

အချို့လွတ်လပ်သည့်သတင်းဌာနများအနေဖြင့်လည်း ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခံရခြင်းမရှိသော်လည်း သတင်းသမားများကို အမှုဖွင့်ဖမ်းဆီးနေမှုများကြောင့် ရှောင်တိမ်း၍ သတင်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေကြရခြင်း ဖြစ်သည်။