ကယားပြည်နယ် လွိုင်ကော်မြို့လယ်တွင် ဖမ်းဆီးရမိထားသည့် ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင်တစ်ကောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများရသွား၍ ဆေးကုသပေးနေ

ကယားပြည်နယ် လွိုင်ကော်မြို့လယ်တွင် ဖမ်းဆီးရမိထားသည့် ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင်တစ်ကောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများရသွား၍ ဆေးကုသပေးနေ
ဒီဇင်ဘာ 15, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့လယ်တွင် ဖမ်းဆီးရမိထားသည့် ရှားပါးတောရိုင်းတိရိစ္ဆာန် ဝံကြောင်တစ်ကောင်အား ဖမ်းဆီးစဉ်က ဒဏ်ရာများရသွား၍ ဆေးကုသပေးနေ
ကယားပြည်နယ်၊ လွိုင်ကော်မြို့လယ်ရှိ ရွှေတောင်ရပ်ကွက်အတွင်းမှ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် ဖမ်းမိထားသော ရှားပါးနို့တိုက်သတ္တဝါ ဝံကြောင်အား ရိုက်နှက်ဖမ်းဆီးထားခြင်းဖြစ်၍ မျက်လုံးတစ်ဖက်ဒဏ်ရာရနေရာ ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ ဆေးကုသပေးနေရဆဲဖြစ်ကြောင်း သိရသည်။
"လောလောဆယ်တော့ မီးသတ်မှာ ထိန်းသိမ်းထားတာပေါ့။ သူတို့ ပြောတာတော့ ရွှေတောင်ရပ်ကွက်က Master တည်းခိုခန်းနားက  မန်ကျည်းပင်ပေါ်မှာလို့ ပြောတယ်။ ကျီးတွေက ဝိုင်းပြီး ထိုးနေကြတာတယ်ပေါ့။ တွေ့တာနဲ့ ဝိုင်းဖမ်းကြတာပေါ့။ မီးသတ်ကို လှမ်းဖုန်းဆက်တော့ လက်ရှိ မီးသတ်မှာပဲ ထိန်းသိမ်းထားတာပေါ့။ သူတို့သဘောထားကို ကျွန်တော်တို့ မေးကြည့်တော့ တောထဲတော့ ပြန်လွှတ်ချင်တယ်ပေါ့။ ဒါပေမဲ့ မသမာသူ လက်ချက်နဲ့ ဖမ်းဆီးသတ်ဖြတ် ခံရမှာစိုးတာပေါ့လေ။ ဒီဖြစ်စဉ်ကိုတော့ အစီရင်ခံစာ တက်ထားတာပဲ။ ကျွန်တော်တို့ကို အထက်က ညွှန်ကြားတဲ့အတိုင်း တိရစ္ဆာန်ရုံတွေက လက်ခံပေးရင်လည်း ပို့မှာပေါ့ဗျာ "ဟုလွိုင်ကော်မြို့နယ် သစ်တောဦးစီးမှူး ဦးသောင်းတင်ဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လက်ရှိတွင် အဆိုပါဝံကြောင်အား အများပြည်သူမှ ဖမ်းဆီးခဲ့ရာတွင် ရိုက်နှက်ဖမ်းဆီးခဲ့ရခြင်းကြောင့် မျက်လုံးတစ်ဖက်တွင် ဒဏ်ရာရရှိထားသဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ခွေးရှုးကာကွယ်ဆေးထိုးနှံပေးခြင်းအပါအဝင် ကုသမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
" သူက ဒီတိုင်းဖမ်းလို့လည်းမရဘူး ။ ရိုင်းသေးတယ်ဆိုတော့ အဲဒီကလူတွေက ဝိုင်းရိုက်ပြီး ဖမ်းထားတော့ မျက်လုံးတစ်ဖက်က မမြင်ရဘူး။ ဒဏ်ရာရထားတယ်။ အနီးအနားတော့ သိပ်ကပ်လို့မရဘူး ရိုင်းသေးတယ်။ ခု သူ့လှောင်အိမ်က သေးနေတော့ လှောင်အိမ်အကြီးတစ်ခု သူနေဖို့အဆင်ပြေအောင် ဆောက်ပေးနေတယ် " ဟု ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးကပြောသည်။ 
အဆိုပါ ဝံကြောင်များမှာ Binturong အမျိုးအစားတွင်ပါဝင်ပြီး မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရ၍ ကာကွယ်ရမည့် တောရိုင်းတိရစ္ဆာန်များစာရင်းတွင် ထည့်သွင်းကြေညာထားခြင်းဖြစ်သည်။
လက်ရှိတွင် မီးသတ်ဦးစီးဌာန၌ လက်ခံထိန်းသိမ်းပေးထားပြီး မည်သည့်နေရာသို့ ပို့ဆောင်ရျွည်ကို ညွှန်ကြားချက်စောင့်ဆိုင်းနေဆဲဖြစ်သည်ဟု  လွိုင်ကော်မြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
အဆိုပါ ဝံကြောင်မှာ လွိုင်ကော်မြို့ ၊ ရွှေတောင်ရပ်ကွက် ဘီလူးချောင်းဘေးရှိ မန်ကျည်းပင် ပေါ်မှ ပြုတ်ကျလာခဲ့ပြီး ရပ်ကွက်တွင်း ပြေးလွှားကာ အနီးနားရှိ လူတစ်ဦးအား ရန်ပြုခြင်းကြောင့် ရပ်ကွက်တွင်းရှိ အများပြည်သူမှ ဝိုင်းဝန်းဖမ်းဆီး ခဲ့ရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူ ရွှေတောင်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်ရှင် ကိုဝေယံက ပြောသည်။ 
" ကျွန်တော့်ဆိုင်နောက် ကမန်ကျည်းပင်ပေါ်ကနေ သူပြုတ်ကျလာတာ ။ အဲဒီအောက်က တဲခေါင်မိုးပေါ်ပြုတ်ကျလာပြီး တစ်ခြားအိမ်တွေဖက် သူလျှောက် သွားနေပြီး လမ်းဘေးမှာ ရေလောင်းနေတဲ့ ဦးလေးတစ်ဦးကို ရန်သွားပြုလို့ အဲဒီနားက လူတွေအကုန် ဝိုင်းဖမ်းလိုက်ရတာပေါ့ ။ သူက တော်တော်လေး ရိုင်းနေတော့ အန္တရာယ်လည်းများတယ်။ ပြီးတော့ မီးသတ်က လာယူသွားတယ်"ဟု ကိုဝေယံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
အဆိုပါ ဝံကြောင်လေးမှာ အမ ဖြစ်ပြီး ယာယီထိန်းသိမ်း၍ ဆေးကုသမှုများ ပြုလုပ်ပေးထားကာ သင်ဆိုင်ရာဌာနများမှ  သင့်တော်မည့် နေရာတစ်ခုခုသို့   ပို့ဆောင်ပေးနိုင်ရန် စီစဉ်လျှက်ရှိပြီး ၎င်းကြောင်လေးမှာ  တောတစ်ခုခုမှ ရောက်လာခြင်းမဟုတ်ဘဲ နေအိမ်တစ်ခုခုမှ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူထားရာမှ လွတ်လာခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ထားကြသည်။ 
Tachileik News Agency
သတင်း၊ဓါတ်ပုံ - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~