တာချီလိတ်မြို့မှ လုပ်ငန်းများအတွက် နိုင်ငံခြားသားများအား တရားမဝင်ခေါ်ယူပါက လုပ်ငန်းရှင်ကို ဥပဒေအရ အရေးယူမည်

တာချီလိတ်မြို့မှ လုပ်ငန်းများအတွက် နိုင်ငံခြားသားများအား တရားမဝင်ခေါ်ယူပါက လုပ်ငန်းရှင်ကို ဥပဒေအရ အရေးယူမည်
ဒီဇင်ဘာ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ လုပ်ငန်းများအတွက် နိုင်ငံခြားသားများအား တရားမဝင်ခေါ်ယူပါက လုပ်ငန်းရှင်ကို ဥပဒေအရ အရေးယူမည်
မြန်မာ- ထိုင်းနယ်စပ် တာချီလိတ်ခရိုင်အတွင်းမှ လုပ်ငန်းများအတွက် ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ ခေါ်ယူခိုင်းစေခြင်းအား ဥပဒေနှင့်အညီ တရားဝင်ဆောင်ရွက်ခြင်းမရှိပါက အလုပ်ရှင်များကို အရေးယူရမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးက သတိပေးလိုက်သည်။
“ နောက်ပိုင်း မြန်မာနိုင်ငံထဲ ဝင်ရောက်လာမယ်ဆိုရင် တရားဝင်လမ်းကြောင်းက ဝင်ရောက်လာဖို့နဲ့ ဒီဘက်ကအလုပ်ခေါ်မယ်ဆိုရင် သက်ဆိုင်ရာ လုပ်ငန်းရှင်တွေအားလုံးက အလုပ်သမားခေါ်ယူမှုအတွက်ကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ခေါ်ယူဖို့လိုအပ်တယ်လို့ ပြောချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အခုလို တရားမဝင် အလုပ် လုပ်မှုတွေဖြစ်လို့ရှိရင် အလုပ်ရှင်ကိုရော၊ အလုပ်သမားကိုရော ဥပဒေအရ အရေးယူမှုတွေဆောင်ရွက်ရမှာဖြစ်ပါတယ်”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ပြောသည်။
တာချီလိတ်ခရိုင်အတွင်းရှိ လုပ်ငန်းများအတွက် ထိုင်းနိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများအား လာရောက်လုပ်ကိုင်နေမှုများရှိနေရာ မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်စပ်တံတားများ မပိတ်မီကာလများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှတစ်ဆင့် တရားဝင်အလုပ်လုပ်ကိုင်ခွင့်မဟုတ်ဘဲ တံတားကူးလက်မှတ်ဖြင့် နေ့စဉ်ဝင်ထွက်၍ အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။
COVID 19 ကာလအတွင်း မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအား မတ်လမှစ၍ ပိတ်လိုက်သော်လည်း ကူးဖြတ်ရလွယ်သည့် နှစ်နိုင်ငံနယ်စပ်တလျှောက်မှ တရားမဝင်ဖြတ်သန်းသွားလာ၍ အလုပ်လုပ်ကိုင်မှုများလည်း ရှိနေခဲ့ခြင်းဖြစ်သည်။
ယင်းကဲ့သို့ အလုပ်လုပ်ကိုင်နေကြရာမှ တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၂၅)ရက်နေ့မှစ၍ COVID 19 ဒေသတွင်းကူးစက်မှု စတင်တွေ့လာရာ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်ဖြတ်သန်းလာမှုများအား ထိုင်းနိုင်ငံဘက်က တင်းကြပ်စွာတားမြစ်လာရာ တာချီလိတ်တွင် တရားမဝင်အလုပ်လုပ်ကိုင်နေကြသည့် ထိုင်းနိုင်ငံသားများက တရားဝင်နေရပ်ပြန်နိုင်ရေးအတွက် တာချီလိတ်ဘက်မှ တာဝန်ရှိသူများက စာရင်းကောက်ယူပြီး ပြန်လွှဲပေးနေခြင်းဖြစ်သည်။
တာချီလိတ်တွင် တရားမဝင်နေထိုင်နေသည့် ထိုင်းနိုင်ငံသား (၉၇)ဦးအား လဝကအက်ဥပဒေဖြင့် အရေးယူပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့၌ ပြန်လွှဲပေးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ တရားဝင်နေထိုင်သည့် ထိုင်းနိုင်ငံသား (၇)ဦးကိုလည်း တပါတည်း လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~