ကျိုင်းတုံသို့ လာသူများ ရပ်ကွက်ထောက်ခံစာမပြနိုင်ပါက QUARANTINE ထားပြီး COVID 19 စစ်ဆေးနေ

ကျိုင်းတုံသို့ လာသူများ ရပ်ကွက်ထောက်ခံစာမပြနိုင်ပါက QUARANTINE ထားပြီး COVID 19 စစ်ဆေးနေ
ဒီဇင်ဘာ 21, 2020
By Tachileik News Agency
ကျိုင်းတုံသို့ လာသူများ ရပ်ကွက်ထောက်ခံစာမပြနိုင်ပါက QUARANTINE ထားပြီး COVID 19 စစ်ဆေးနေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့သို့  မည်သည့်ဒေသမှ လာသည်ဖြစ်စေ ရပ်ကွက်ထောက်ခံစာ ပြသနိုင်ခြင်းမရှိပါက အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလအထိ လုပ်ဆောင်နေဆဲဖြစ်ပြီး လိုအပ်ပါက QUARANTINE CENTER များ ထပ်တိုးသတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

“ကျိုင်းတုံမြို့အဝင် တောင်ကြီးဘက်အဝင်ကဆိုရင် ကျိုင်းဖောင်း ကျန်းမာရေးစစ်ဆေးရေးဂိတ် ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားတယ်။ နောက် တာချီလိတ်ဘက်လာတဲ့ တာချီလိတ်၊ မိုင်းတုံ၊ မိုင်းယောင်းဘက်က လာတဲ့ဘက်မှာ နောင်နွန်းကျန်းမာရေးပူးပေါင်းဂိတ်ကို ဖွင့်ထားတယ်။ အရင်ကတော့ ရန်ကုန်ဘက်မှာ အခြေအနေစဆိုးတဲ့အချိန်ကစပြီး ပြည်နယ်ပြင်ပဘက်ကလာတဲ့သူတွေကို စစ်ဖို့ ကျိုင်းဖောင်းဂိတ်ကိုဖွင့်တာ (၄) လရှိပြီ။ ပြည်နယ်ပြင်ပလာရင် ရပ်ကွက်ထောက်ခံစာတွေ  စိစစ်တယ်။ ခရီးသွားရာဇဝင်မေးတယ်။ အဲဒီမှာ ခရီးသွားရာဇဝင် မပြောနိုင်ရင်၊ ရပ်ကွက်ထောက်ခံစာမပါရင် QUARANTINE ထည့်တာကို တင်းတင်းကြပ်ကြပ်လုပ်တယ်။ နိုဝင်ဘာ (၂၈)ကမှစပြီး တာချီလိတ်ဘက်ကဖြစ်တယ်ဆိုတော့ နောင်နွန်းဂိတ်ကို စဖွင့်တယ်။ “

ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျိုင်းတုံ - တောင်ကြီးလမ်းကြောင်းနှင့် ကျိုင်းတုံ - တာချီလိတ်လမ်းကြောင်းအတိုင်း ကျိုင်းတုံမြို့သို့ ဝင်ရောက်လာသူအားလုံးကို မည်သည့်ဒေသမှလာရောက်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာများ စိစစ်ခြင်း၊ ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား COVID 19 စစ်ဆေးထားသည့် ထောက်ခံစာ စစ်ဆေးခြင်း၊ ဆေးရုံဆေးခန်းလာရောက်ပြသသူများကို သက်ဆိုင်ရာ ဆေးရုံဆေးခန်းမှ အထောက်အထားများစစ်ဆေးခြင်းများ ပြုလုပ်နေခြင်းဖြစ်ပြီး အထောက်အထားမပါပါက QUARANTINE CENTER ပို့၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးကြောင်း သိရသည်။

“လက်ရှိမှာတော့ ကျိုင်းဖောင်းဂိတ်နားလေးက ကျိုင်းတုံပညာရေးတက္ကသိုလ်က ပညာရတနာဆောင်၊ သဇင်ဆောင်၊ နောက် မိုးလုံလေလုံအားကစားရုံတွေမှာ QUARANTINE ထားတယ်။ နောက်လိုအပ်ရင် QUARANTINE CENTER တွေ ထပ်ချဲ့ဖို့ သံလွင်ဆောင် နောက် အထက ၂ ၊ အထက ၃ တို့ကိုလည်း ပြင်ဆင်ထားတယ်”

ဟု ကျိုင်းတုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်းက ပြောသည်။
ကျိုင်းတုံမြို့သို့  ပြည်နယ်ပြင်ပမှ လာရောက်သူများ၊ တာချီလိတ်မှ လာရောက်သူများ၊ STAY AT HOME ဒေသမှ လေကြောင်းခရီးဖြင့် လာရောက်သူများ၊ အထောက်အထားမပါသူများအား QUARANTINE CENTER သို့ ပို့ဆောင်ခြင်းဖြစ်သည်။
ကျိုင်းတုံမြို့တွင် QUARANTINE CENTER များအား စေတနာ့ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ ကူညီဆောင်ရွက်ပေးနေကြပြီး COVID 19 ကာကွယ်ရေးအတွက် MASK CAMPING အပါအဝင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်များကို တစ်ပတ်လျှင် (၂)ကြိမ်နှုန်းဖြင့် အများပြည်သူအား အသိပေးလိုက်လံဆော်သြမှုကိုလည်း လုပ်ဆောင်နေသည်ဟု သိရသည်။

Tachileik News Agency 

ဓာတ်ပုံ - ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးကော်မတီ

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~