တာချီလိတ်တွင် အဖြေအတည်ပြု၍မရသည့် COVID-19 Test Kit များ သိမ်းဆည်းရမိ

တာချီလိတ်တွင် အဖြေအတည်ပြု၍မရသည့် COVID-19 Test Kit များ သိမ်းဆည်းရမိ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် အဖြေအတည်ပြု၍ မရသည့်  COVID-19 Test Kit များ သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အဖြေမမှန်သည့် တရုတ်ထုတ် COVID 19 Test Kit များရောင်းချနေသည်ကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၈) ရက်နေ့ ညပိုင်းက တွေ့ရှိသိမ်းဆည်းထားပြီး COVID 19 Test Kit များရောင်းချနေသည်ကိုတွေ့ပါက သတင်းပေးပို့ဆက်သွယ်ကြရန် အသိပေးကြေညာထားသည်။
"ဒီ Test Kit က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အသိအမှတ်မပြုတဲ့ဟာတွေပေါ့။ ဒါတွေကို အသုံးမပြုဖို့ပေါ့။ ကျွန်တော်တို့ Fever Clinic မှာလာစစ်ရင် ကျပ် (၁၀,၀၀၀) ပဲပေးရတယ်။ အပြင်မှာရောင်းနေတာတွေက ကျပ် (၂၀,၀၀၀) လောက်ပေးရတယ်။ စိတ်လည်းမချရဘူး။ သံသယရှိရင် Fever Clinic မှာ မနက် (၇) နာရီကနေ (၁၁) နာရီအတွင်းလာစစ်ပါလို့ ပြောချင်ပါတယ်။ ပြင်ပမှာရောင်းချနေတာတွေရှိရင် ကျွန်တော်တို့ကို သတင်းပေးပါလို့ ပြောချင်ပါတယ်”ဟု တာချီလိတ်မြို့နယ် COVID 19 ကူးစက်ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းမှ နေအိမ်တစ်အိမ်တွင် တရုတ်နိုင်ငံထုတ် COVID-19 Test Kit များ ရောင်းချနေသည်ကို online မှတစ်ဆင့် သိရသဖြင့် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တို့ ပူးပေါင်းပြီး သွားရောက်စစ်ဆေးကာ test kit (၁၀) ခုကို သိမ်းဆည်းပြီး ရောင်းချသူအား ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ယူကာ  ခံဝန်ကတိရေးထိုးထားစေခြင်းဖြစ်သည်။
တာချီလိတ်တွင် တရုတ်နိုင်ငံထုတ် Test Kit များကို online တွင် ရောင်းချမှုများရှိနေပြီး (၁) ခုလျှင် ထိုင်းဘတ်ငွေ (၄၀၀)မှ (၅၅၀) အထိ ဈေးနှုန်းအမျိုးမျိုးဖြင့် ရောင်းချနေကြောင်း သိရသည်။
ကျန်းမာရေးဦးစီးဌာနက RDT ဖြင့်စစ်ဆေးပေးခြင်းမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က အသိအမှတ်ပြုထားသည့် COVID 19  test kit များကို အသုံးပြုစစ်ပေးနေခြင်းဖြစ်ပြီး အဆိုပါ test kit များကို ပြင်ပတွင် ရောင်းချခြင်းမရှိကြောင်း သိရသည်။
COVID 19 စစ်ဆေးရာတွင် မှန်ကန်မှုမရှိ၍ WHO ကအသိအမှတ်ပြုထားခြင်းမရှိသည့် COVID 19 test kit များကို ပြင်ပဈေးကွက်တွင်လည်းကောင်း၊ အွန်လိုင်းတွင်လည်းကောင်း ရောင်းချနေကြသည်ကို တွေ့နေရခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~