ကျောက်မဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ကျောက်မဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဒီဇင်ဘာ 23, 2019
By Tachileik News Agency
ကျောက်မဲမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP )၏ မြို့နယ်အလုပ်အမှုဆောင်တစ်ဦး  ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်ပိုင်းက ဟွေလုံကျေးရွာ၌ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

USDP ကျောက်မဲမြို့နယ်အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးစိုင်းဌေးအောင်သည် ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၉)နာရီ (၁၅)မိနစ်ဝန်းကျင်က တစ်ရွာတည်းနေ မိခင်ဖြစ်သူ၏ နေအိမ်ရှေ့၌ တမံသလင်းခင်းရန် လုပ်ဆောင်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးရောက်လာကာ အမည်မေးမြန်းပြီး ပစ္စတိုသေနတ်နှစ်လက်ဖြင့် အချက် (၂၀)ဝန်းကျင် ပစ်ခတ်သွားခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်သည့် အမျိုးသားနှစ်ဦးသည် ကျေးရွာအနီးရှိ တောအတွင်းသို့ ခြေလျင်ထွက်ပြေး သွားခဲ့ခြင်းဖြစ်သည်ဟု အခင်းဖြစ်ပွားရာကို မြင်လိုက်သည့်ဒေသခံများက ပြောဆိုသည်။

အခင်းဖြစ်နေရာတွင် သေဆုံးသွားသည့် ဦးစိုင်းဌေးအောင်ကို ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးထားပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်ရပ်ကို စုံစမ်းနေကြောင်း သိရသည်။

ဟွေလုံကျေးရွာမှာ ကျောက်မဲမြို့နယ်အတွင်း ကျောက်မဲ - မိုးကုတ်လမ်းဘေး မိုင်းတင်းကျေးရွာနှင့် နားမွန်းကျေးရွာကြားတွင် တည်ရှိခြင်းဖြစ်ပြီး မိုင်းတင်းကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းထွန်းရင်၊ ကျေးရွာ ရွာသူကြီးဟောင်း ဦးစိုင်းဆုဇေယျနှင့် မိုင်းတင်းကျေးရွာအုပ်စု နားမွန်းကျေးရွာမှ နားမွန်းရွာသူကြီး ဦးစိုင်းအိုက်တင်းတို့ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၃)ရက်နေ့ နေ့လယ်ပိုင်းက ကျောက်မဲမြို့ရှိ "နမ့်ခုံး" စားသောက်ဆိုင်အတွင်း သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားမှုကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်သည်။

Tachileik News Agency
သတင်း နေဖြိုးမြင့်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~