လားရှိုးမြို့တွင် အဝေးပြေးကားဂိတ်မှတဆင့် ပါဆယ်စနစ်ဖြင့် ပို့ဆောင်မည့် ကျပ်သိန်း(၆၀၀)တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့တွင် မူးယစ်ဆေးဝါးများအား အဝေးပြေးကားဂိတ်မှ တဆင့် ပါဆယ်ဖြင့် ပို့ဆောင်မည့် သတင်းအရ ရဲတပ်ဖွဲ့က ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးရာ အမျိုးသား(၂)ဦးကို ကျပ်သိန်း (၆၀၀)တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိကြောင်း သိရသည်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ (၁၂)ရက်နေ့၊ နေ့လည် (၁၁)နာရီဝန်းကျင်အချိန်က လားရှိုးမြို့ နားမခေါ်ကားကွင်းတွင် လားရှိုးမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းအဖွဲ့များက သတင်းအရ ကြိုတင်စောင့်ဆိုင်းနေစဉ် လားရှိုး - ရန်ကုန် ပြေးဆွဲသည့် ရာဇာထွန်း အဝေးပြေးယာဉ်လိုင်းသို့ မော်တော်ယာဉ်တစ်စီး ရောက်ရှိလာပြီး ယာဉ်ပေါ်မှ အမျိုးသား (၂)ဦး ဆင်းလာကာ ဂျပ်ဖာတစ်ခုအား ပါဆယ်ပို့ဆောင်ရန် သယ်ဆောင်လာသည်ကို တွေ့ရကြောင်း သိရသည်။
ဆက်လက်၍ ရဲတပ်ဖွဲ့က အဆိုပါ အမျိုးသား(၂)ဦးအား စစ်ဆေးရာ ၎င်းတို့ သယ်ယူလာသည့် ဂျပ်ဖာအတွင်း၌ သကြား (၅၀)သားပါသည့် အထုပ် (၂)ထုပ် အပြင် တရုတ်နိုင်ငံထုတ် Portable Speaker ( ၉ ) လုံး အတွင်း အနက်ရောင်တိပ်ဖြင့်ပတ်ထားသည့် အိတ်များအတွင်းက Wy စာတမ်းပါသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၆၀,၀၀၀)တိတိကို တွေ့ရှိသိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို ရဲတပ်ဖွဲ့က တစ်ပြားလျှင် ကျပ်(၁,၀၀၀)သတ်မှတ်သည့်အတွက် စိတ်ကြွဆေးပြားစုစုပေါင်း (၆၀,၀၀၀)၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ်သိန်း(၆၀၀)ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၁၉)နှစ်အရွယ်ရှိ စိုင်းခေး နှင့် အသက်(၂၂)နှစ်အရွယ်ရှိ စိုင်းဆိုင်လိုင်းတို့အား လားရှိုးမြို့မရဲစခန်းတွင် မယ ( ပ ) ၁၅၉/ ၂၀၂၀၊ မူး/ စိတ် ပုဒ်မ- ၁၉ ( က )/ ၂၀ ( က )/ ၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်နေလျက်ရှိကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်