လားရှိုးမြို့တွင် လူသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ယူသွားသူကို (၇၂)နာရီအတွင်း ဖမ်းမိ

လားရှိုးမြို့တွင် လူသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ယူသွားသူကို (၇၂)နာရီအတွင်း ဖမ်းမိ
နိုဝင်ဘာ 27, 2020
By Tachileik News Agency
လားရှိုးမြို့တွင် လူသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ယူသွားသူကို (၇၂)နာရီအတွင်း ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ဟူးမွန်ဆည်ရှိ ဈေးဆိုင်တစ်ဆိုင်မှ ဆိုင်စောင့်အမျိုးသားအား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့က ဓါးဖြင့်ထိုးသတ်ကာ ဆိုင်ကယ်တစ်စီးနှင့် ဖုန်းတစ်လုံးယူဆောင်သွားသူကို ရဲတပ်ဖွဲ့က တိုင်ကြားမှုလက်ခံရပြီး (၇၂) နာရီအတွင်း ဖမ်းဆီးရမိထားကြောင်း သိရသည်။
ဈေးဆိုင်စောင့်၏ သူငယ်ချင်းဖြစ်သူက နိုဝင်ဘာ (၂၁) ရက်နေ့ နံနက် (၁၀) နာရီဝန်းကျင်က လက်ဖက်ရည်သောက်ရန် သွားခေါ်ရာ ဆိုင်ခန်းမှာသော့ခတ်ထားပြီး အတွင်း၌ လူတစ်ဦးလဲကျနေသည်ကိုတွေ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်းကြားနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ရဲတပ်ဖွဲ့က လာရောက်စစ်ဆေးရာ လဲကျနေသူမှာ ဈေးဆိုင်စောင့်ဖြစ်ကြောင်း စစ်ဆေးတွေ့ရပြီး ရင်ညွှန့်အောက် ဓါးဒဏ်ရာ (၁) ချက်၊ လက်ဝဲဖက်လက်ဖဝါးတွင် ပြတ်ရှ ဓါတ်ရာ (၁) ချက်တို့ဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။
ရဲတပ်ဖွဲ့က အမှုဖွင့်စုံစမ်းစစ်ဆေးရာ ဆိုင်ခန်းစောင့် သေဆုံးသည့်ညက ပြည့်ဖြိုးအောင်ဆိုသူသည် ဆိုင်ခန်းစောင့်နှင့်အတူ ညလာအိပ်ကြောင်းသိရသဖြင့် ဆက်စပ်ဖေါ်ထုတ်ရာမှ မူဆယ်မြို့သို့ သွားရောက်တိမ်းရှောင်နေသည့် လူသတ်မှုကျူးလွန်သူကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးအောင် (ခ) ဖိုးပြည့်သည် အခင်းဖြစ်ညက ဈေးဆိုင်သို့ ဈေးသွားဝယ်စဉ် ဆိုင်ခန်းစောင့် ကိုဇော်ဝင်းက ဆိုင်ကယ်ပျောက်ဆုံးမှုဖြင့် ၎င်းအားစွပ်စွဲပြောဆိုသဖြင့် ပါလာသည့်ဓားဖြင့်ထိုးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းနောက် ဆိုင်ကယ်နှင့်ဖုန်းအား ယူဆောင်၍ မူဆယ်သို့ထွက်ပြေးတိမ်းရှောင်နေစဉ် ငွေကြေးလိုအပ်သဖြင့် အဒေါ်ဖြစ်သူထံဆက်သွယ်၍ ငွေကြေးတောင်းခံခဲ့ရာ ဘဏ်မှငွေလွှဲထုတ်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိထားသူအား မူဆယ်မှ လားရှိုးသို့ခေါ်ဆောင်ထားပြီး လားရှိုးနယ်မြေရဲစခန်းတွင် ( ပ ) ၁၅၈/ ၂၀၂၀၊ အမှုကြီး အမှတ်စဉ် ၉/ ၂၀၂၀ ဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~