ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမည်

ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပြုမည်
အောက်တိုဘာ 3, 2020
By Tachileik News Agency

 

ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်မည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ  ဝင်ခွင့်ပြုမည်

ကယားပြည်နယ်တွင်း ဝင်ရောက်မည့် ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းတင် အဝေးပြေးယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့မှစ၍ COVID 19 ကင်းစင်ကြောင်း ကျန်းမာရေးထောက်ခံချက်ပါမှသာ ဝင်ရောက်ခွင့်ရတော့မည်ဖြစ်သည်။
“နှစ်ပတ်အတွင်း Negative ဖြစ်ကြောင်းထောက်ခံစာပါမယ်ဆိုရင်တော့ အရင်လိုပဲ အ.ထ.က(၆)ကိုပေးဝင်ပြီး စီစဉ်ဆောင်ရွက်ပေးနေတာ ရှိပါတယ်။ ဟိုဖက် ကလောတို့၊ တောင်ကြီးတို့၊ ဆီဆိုင်တို့ကလည်း အလားတူပဲ ကားတွေကို ပြန်စိစစ်နေတာပေါ့။ ဒီဖက်လည်း ပါသွားတာပေါ့။ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေမှာ ပိုးတွေ့တာတွေ ရှိနေလို့ပေါ့လေ။ ကုန်ကားတွေ အကုန်မဝင်ရဘူးဆိုလည်း ကျွန်တော်တို့ ကုန်စည်စီးဆင်း မှုအပိုင်းမှာ ထိခိုက်လာနိုင်တယ်။ အားလုံးမလာနဲ့လို့တော့ လုပ်လို့မရဘူးလေ။ ကျွန်တော်တို့က ချိန်လုပ်ရတာပေါ့။ အများကြီးမဟုတ်ပါဘူး။ နှစ်ပတ်တည်းပါပဲ ။ အဓိကဖြစ်စေချင်တာက ရန်ကုန်ဖက်မှာ လူနာတွေ နည်းလာစေချင်တာပေါ့ ။ ဒီနှစ်ပတ်အတွင်း အဲဒီဖက်မှာကျလာရင် ဒီဖက်မှာလည်း တစ်ဖြေးဖြေး ဖြေလျော့မှုတွေ ရှိလာမှာပါ ။” ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအားထိန်းချုပ်ရေးအတွက်  ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့မှ အောက်တိုဘာလ (၁၆) ရက်နေ့အထိ ကာလအတွင်း ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်သည့် ခရီးသည်တင် အဝေးပြေးယာဉ်များ၏ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များတွင်  COVID-19 ရောဂါပိုး မရှိကြောင်း  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ (၂) ပတ်အတွင်း ထုတ်ပေးထားသည့် ကျန်းမာရေးထောက်ခံချက်လိုအပ်မည်ဖြစ်သည်။
ပြည်နယ်အတွင်းမှ ထွက်ခွာမည့် ကုန်တင်ယာဉ်များနှင့် ကုန်ပစ္စည်းတင်မည့် ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကိုလည်း COVID 19 ဓာတ်ခွဲစစ်ဆေးပေးမည်ဖြစ်ရာ စစ်ဆေးမှု ခံယူလိုသူများစာရင်းကောက်ခံခြင်းကို ကုန်တင်ယာဉ်ရပ်နားစခန်း ပြုလုပ်ထားသည့် လွိုင်ကော်မြို့ ၊ ဒေါဥခူရပ်ကွက် အထက(၆) တွင် လုပ်ဆောင်နေကြောင်း သိရသည်။
“ပြည်နယ်တွင်းက လူတွေကိုတော့ ဒီ အထက(၆)မှာ စာရင်းကောက်ခိုင်းထားတယ်။ ကျွန်တော်တို့က လိုအပ်ရင် သွားချင်တဲ့သူဆိုရင်တော့ စစ်ပေးရမှာပေါ့။ အဆင်ပြေရင်တော့ ထွက်ခွင့်ပေးမှာပါ။ ကျန်တဲ့နေရာတွေလည်း အလားတူပါပဲ။ တောင်ကြီးတို့၊ ဆီဆိုင်၊ ကလောတို့ရောပဲလေ။ တစ်ချို့ကလည်း မသွားတော့ဘူးပေါ့။ တစ်ချို့ကလည်း ကျွန်တော့်ကိုပြောကြတယ်။ အချိန်ကာလက အများကြီးပဲလားပေါ့။ မဟုတ်ပါဘူး။ နှစ်ပတ်လောက်ပါပဲပေါ့။ စစ်ချင်တယ်ဆိုလည်း ဒီမှာသတင်းပို့ပါ။ စီစဉ်ပေးမှာပေါ့ဗျာ။ တော်တော်များများကတော့ ဒီနှစ်ပတ်အတွင်းမှာ လွိုင်ကော်ကတော့ နားကြမယ်လို့ပြောကြပါတယ်။ ”ဟု လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောသည်။
ပြည်နယ်တွင်းဝင်ရောက်လာမည့် ကုန်တင်ယာဉ်များအနေဖြင့် သက်ဆိုင်ရာနေရာသို့ တိုက်ရိုက်ပို့ဆောင်ခြင်းမပြုဘဲ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ အထက(၆) ရှိ ကုန်တင်ယာဉ်ရပ်နားစခန်းတွင် သီးသန့်ထားရှိကာ သက်ဆိုင်ရာကုန်သည်များမှ လာရောက်သယ်ဆောင်ရမည်ဖြစ်ပြီး ကုန်တင်ယာဉ်တွင် မည်သည့်ခရီးသည်မှ တင်ဆောင်မလာရန် ညွှန်ကြားထားသည်။
Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးနိုင်ရေးနှင့် ပတ်သက်၍ စက်တင်ဘာလအတွင်း ကယားပြည်နယ် အစိုးရမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို အောက်တိုဘာလကုန်အထိ တိုးမြှင့်လိုက်ကြောင်းကိုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။
  Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~