တာချီလိတ် - မယ်ဆိုင်အကြား နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးကို ကန့်သတ်ခဲ့ပြီးနောက် ထိုင်းတာဝန်ရှိသူများ တွေ့ဆုံခွင့်တောင်းလာ၍ စက်တင်ဘာလ(၂၅)နေ့တွင် အလွတ်သဘောတွေ့ဆုံမည်

တာချီလိတ် - မယ်ဆိုင်အကြား နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးကို ကန့်သတ်ခဲ့ပြီးနောက် ထိုင်းတာဝန်ရှိသူများ တွေ့ဆုံခွင့်တောင်းလာ၍ စက်တင်ဘာလ(၂၅)နေ့တွင် အလွတ်သဘောတွေ့ဆုံမည်
စက်တင်ဘာ 23, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြား နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးကို ကန့်သတ်ခဲ့ပြီးနောက် ထိုင်းတာဝန်ရှိသူများ တွေ့ဆုံခွင့်တောင်းလာ၍ စက်တင်ဘာလ(၂၅)နေ့တွင် အလွတ်သဘောတွေ့ဆုံမည်
တာချီလိတ်နှင့် မယ်ဆိုင်ကို မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးကို ထိုင်းနိုင်ငံဘက်က တစ်ဖက်သတ် ကန့်သတ်မှုအား မြန်မာဘက်က ပြန်လည်တုန့်ပြန် ကန့်သတ်လိုက်ပြီးနောက် ထိုင်းနိုင်ငံဘက်က တွေ့ဆုံဆွေးနွေး ခွင့်တောင်းလာ၍ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့၌ တာချီလိတ်တွင် အလွတ်သဘော လက်ခံတွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
"ထိုင်းဘက်က တွေ့ခွင့်တောင်းလာတဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးရဲ့လမ်းညွှန်ချက်နဲ့ ကျွန်တော်တို့ ဆွေးနွေးသွားမှာပါ။ မနက် (၁၀) နာရီမှာ ကျွန်တော်တို့ဘက်မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးသွားမှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့၌ ပြောသည်။
COVID 19 ကာလအတွင်း တာချီလိတ်မြို့နှင့် မယ်ဆိုင်မြို့အကြား ကုန်စည်စီးဆင်းမှုအတွက် အကန့်အသတ်ဖြင့် နှစ်နိုင်ငံအသုံးပြုနေသည့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တွင် မြန်မာလိုင်စင် မော်တော်ယာဉ် (၆)စီးနှင့် ထိုင်းလိုင်စင် မော်တော်ယာဉ် (၁၆၂)စီးကိုသာ စက်တင်ဘာလ (၁၇)ရက်နေ့မှစ၍ နေ့စဉ်ဖြတ်သန်းခွင့်ပြုရန်နှင့် မြန်မာမော်တော်ယာဉ်မောင်းများ မယ်ဆိုင်အဝင်၌ မော်တော်ယာဉ်အား ထိုင်းဘက်မှယာဉ်မောင်းဖြင့် လူလဲမောင်းနှင်ရန် နှစ်နိုင်ငံဆွေးနွေးမှုမလုပ်ဘဲ စက်တင်ဘာလ (၁၅)ရက်နေ့၌ တစ်ဖက်သတ် ထုတ်ပြန်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာချီလိတ်မှ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ကုန်သည်များ စက်တင်ဘာလ (၁၆)ရက်နေ့၌ ဆွေးနွေးခဲ့ရာ မြန်မာယာဉ်မောင်းများအား ကန့်သတ်သည့်နည်းတူ ထိုင်းယာဉ်မောင်းများအား တာချီလိတ်အဝင်တွင် ယာဉ်မောင်းလဲစေရန်နှင့် မြန်မာဘက်အား ခွင့်ပြုသည့်အစီးရေအတိုင်း ထိုင်းဘက်မှ မော်တော်ယာဉ် (၆)စီးသာ နေ့စဉ်ဝင်ရန် ပြန်လည်ကန့်သတ်လိုက်ခြင်းဖြစ်သည်။
နှစ်နိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်များကို နှစ်နိုင်ငံတန်းတူညီမျှရှိမှုအပေါ် အခြေခံရန် မြန်မာဘက်မှ တာဝန်ရှိသူများ၏ တုန့်ပြန်မှုအပေါ် နှစ်နိုင်ငံကုန်စည်ပို့ဆောင်နေသည့် မြန်မာမော်တော်ယာဉ်မောင်းများ၊ ကုန်သည်လုပ်ငန်းရှင်များ၊ ဒေသခံအများစုကလည်း ထောက်ခံပြောဆိုကြသည်ကို တွေ့ရသည်။
အဆိုပါ တုန့်ပြန်ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံဘက်တွင် နေ့စဉ် ဘတ်သန်း (၈၀)မှ (၁၀၀)ကြား ဆုံးရှုံးနစ်နာနေသည်ဟု ထိုင်းသတင်းများတွင် ရေးသားဖေါ်ပြခဲ့ကြပြီး မြန်မာဘက်နှင့် ပြန်လည်ညှိနှိုင်းဆွေးနွေးရန် ထိုင်းနိုင်ငံဘက်က ကမ်းလှမ်းလာခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~