တာချီလိတ်မြို့နယ်အတွင်းမှ အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရမည်

တာချီလိတ်မြို့နယ်အတွင်းမှ အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရမည်
စက်တင်ဘာ 24, 2020
By Tachileik News Agency


တာချီလိတ်မြို့နယ်အတွင်းမှ အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အစားအသောက်ရောင်းချသည့်ဆိုင်အားလုံး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့မှစ၍ ဆိုင်ထိုင်ရောင်းချခွင့်မရှိတော့ဘဲ ပါဆယ်စနစ်ဖြင့်သာ ပြောင်းလဲရောင်းချရမည်ဖြစ်ပြီး လိုက်နာမှုမရှိသည့်ဆိုင်များကို စက်တင်ဘာလ (၂၅)ရက်နေ့မှစ၍ အရေးယူမှုစတင်မည်ဖြစ်ကြောင်း သိရသည်။

"ဆိုင်တွေက အစားအသောက်ရောင်းတဲ့ဆိုင်အားလုံး ပါပါတယ်။ လမ်းဘေးဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်အားလုံး ဆိုင်ထိုင်ရောင်းခွင့်ကို ဒီနေ့ကစပြီး ပါဆယ်စနစ်ပဲရောင်းချဖို့ ခရိုင်က ညွှန်ကြားထားပါတယ်။ မြို့နယ်ကနေမှ ရပ်/ကျေးအဆင့်အားလုံးကို ညွှန်ကြားထားပါပြီ။ ဒီနေ့ကစတာဖြစ်လို့ စစ်ဆေးအရေးယူတာကတော့ မနက်ဖြန်မှ စပါမယ်။ ဒီနေ့ ရပ်/ကျေးအားလုံးက လိုက်ကြေညာပေးကြပါမယ်"

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့နယ်အတွင်းမှ စားသောက်ဆိုင်များအနေဖြင့် ည (၁၀)နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ရထားသော်လည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချကြရတော့မည်ဖြစ်ပြီး လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာဥပဒေများဖြင့် အရေးယူဆောင်ရွက်ခြင်းဖြင့် ကြပ်မတ်မည်ဖြစ်ကြောင်း သိရသည်။
COVID 19 ကူးစက်ခံရသည့်အရေအတွက် နေ့စဉ်ရာနှင့်ချီ၍ တိုးလာရာ ရောဂါကာကွယ်ရေးအစီအစဉ်များဖြင့် ဆိုင်ထိုင်ရောင်းချခွင့်ပြုထားသည့် စားသောက်ဆိုင်အားလုံးကို ပါဆယ်စနစ်သို့ ပြောင်းလဲလာခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ (၂၃)ရက်နေ့တစ်နေ့တာအတွင်း စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူပေါင်း (၅၈၇၂)ခုအား စစ်ဆေးထားသည့် ဓာတ်ခွဲအဖြေများအား စက်တင်ဘာလ (၂၃)ရက်နေ့ ညပိုင်းထုတ်ပြန်ချက်နှင့် စက်တင်ဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ချက် (၂)ခုအရ အတည်ပြုလူနာသစ် (၈၆၉)ဦးကိုတွေ့ရခြင်းဖြစ်သည်။
စက်တင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းအထိ မြန်မာနိုင်ငံတွင် အတည်ပြုလူနာ စုစုပေါင်း (၇,၈၂၇)ဦး ရှိနေပြီဖြစ်ပြီး သေဆုံးသူ (၁၃၃) ဦးရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~