Covid-19 အခြေအနေကြောင့် လားရှိုးမြို့မဈေးကြီးတွင် ဆိုင်ခန်းများ အလှည့်ကျ ဖွင့်သည့် စနစ်ဖြင့် စက်တင်ဘာလ(၁)ရက်နေ့တွင် စတင်

Covid-19 အခြေအနေကြောင့် လားရှိုးမြို့မဈေးကြီးတွင် ဆိုင်ခန်းများ အလှည့်ကျ ဖွင့်သည့် စနစ်ဖြင့် စက်တင်ဘာလ(၁)ရက်နေ့တွင် စတင်
စက်တင်ဘာ 1, 2020
By Tachileik News Agency
Covid-19 အခြေအနေကြောင့် လားရှိုးမြို့မဈေးကြီးတွင် ဆိုင်ခန်းများ အလှည့်ကျ ဖွင့်သည့် စနစ်ဖြင့် စက်တင်ဘာလ(၁)ရက်နေ့တွင် စတင်
နိုင်ငံအတွင်း COVID 19 ကူးစက်မှုတိုးလာနေသဖြင့် ရှမ်းပြည်နယ်( မြောက်ပိုင်း ) လားရှိုးမြို့ရှိ မြို့မဈေးကြီးတွင် လူစုလူဝေးမဖြစ်စေရေးအတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ပြက္ခဒိန် စုံဂဏန်းရက်နှင့် မဂဏန်းရက်ခွဲကာ  ဆိုင်ခန်းများအလှည့်ကျဖွင့်သည့်စနစ်ကို ကျင့်သုံးမည်ဖြစ်သည်။
“ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနရဲ့ ညွှန်ကြားချက်တွေနဲ့အညီ (အစားအသောက်နဲ့ ဆေးဝါးရောင်းချတဲ့ ဆိုင်ခန်းတွေမပါ) ဈေးသည်တွေကို တစ်ဝက်နှုန်းနဲ့ ဈေးဖွင့်ပေးဖို့အတွက် လားရှိုးမြို့မဈေးကြီးအတွင်းမှာရှိတဲ့  ဈေးရုံတွေက ပြက္ခဒိန်ရက်က စုံရက်၊ မရက်ကိုခွဲပြီး စက်တင်ဘာ (၁) ရက်နေ့ကစပြီး ဖွင့်စေတာဖြစ်ပါတယ်။ အဲဒါအပြင် ဈေးရောင်းချသူတွေရော ဈေးဝယ်သူတွေပါ နှာခေါင်းစည်း / Mask တပ်ဖို့၊ ဈေးဆိုင်တွေမှာ လက်ဆေးကန်/ လက်ဆေးဂျယ်လ်တွေ ထားရှိပေးဖို့လည်း တစ်ပါတည်း ညွှန်ကြားပေးထားပါတယ်။ ဈေးရဲ့ ဝင်ပေါက်/ ထွက်ပေါက်တွေ မှာလည်း ကိုဗစ်ရောဂါ ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး ဗွီနိုင်းတွေကို မြန်မာ/ ရှမ်း/ တရုတ် ( ၃ ဘာသာ နဲ့ ) ကြေငြာပေးထားပါတယ်”ဟု လားရှိုးမြို့မဈေးကော်မတီ ဥက္ကဌ ဦးအောင်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့မဈေးကြီးတစ်ခုလုံးတွင် ဈေးရုံကြီး (၁၈)ရုံရှိပြီး မဖြစ်မနေဖွင့်ပေးရမည့် အစားအသောက်၊ အသားငါးနှင့် ဆေးဝါးရောင်းချသော ဈေးရုံ (၄)ခုမှလွဲ၍ ကျန်ဈေးရုံများ တစ်ရက်စီ အလှည့်ကျ ဖွင့်ရမည်ဖြစ်ကြောင်း သိရသည်။
မြို့မဈေးကြီးရှိ ပိတောက်၊ ချယ်ရီ၊ ရွှေဝတ်မှုန်၊ ရွှေဘုံသာ၊ ကမ္ဘောဇ၊  စွယ်တော်၊ အင်းဝဘဏ်ဈေးရုံ၊ မန်ဆူဈေးရှိ ဈေးရုံ ( A )၊ ( C )၊ လားရှိုးကြီးဈေးရှိ ဈေးရုံ (၁ )၊(၄ )၊ (၆ ) နှင့် ဈေးရုံ A တို့ကို ပြက္ခဒိန် “မဂဏန်း” ရက်များတွင် ဖွင့်လှစ်စေမည်ဖြစ်ပြီး အဆိုပါ ကျန်ဈေးရုံများ ပြက္ခဒိန် စုံဂဏန်းရက်များတွင် ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။
ဈေးဆိုင်တစ်ဆိုင်လျှင် လူ(၂)ဦးသာ ခွင့်ပြုမည်ဖြစ်ပြီး ဈေးဝယ်၊ ဈေးရောင်းသူများအားလုံး ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လိုက်နာရမည်ဖြစ်ကာ လိုက်နာခြင်းမရှိပါက အရေးယူဆောင်ရွက်မည်ဟု သိရသည်။
အလားတူ ညဈေးတန်းကိုလည်း ကိုဗစ်ကာကွယ်ရေးအစီအစဉ်များဖြင့် တစ်ဆိုင်ခြား/ တစ်ရက်ခြားစီ ပြန်လည်ဖွင့်လှစ်ခွင့် ပေးထားပြီး ပျံကျဈေးတန်းများကိုလည်း စိစစ်ကြီးကြပ်မှု လုပ်ဆောင်နေကြောင်း သိရသည်။
  Tachileik News Agency
သတင်း/ဓာတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~