MNDAA ၏ တပ်စခန်းများကို ကုန်းကြောင်း နှင့် လေကြောင်းဖြင့်ပါ ထိုးစစ် ဆင်နေသည့် အာဏာသိမ်း စစ်တပ် ထိခိုက်သေဆုံးသူ (၇၀)ကျော်ရှိ

MNDAA ၏ တပ်စခန်းများကို ကုန်းကြောင်း နှင့် လေကြောင်းဖြင့်ပါ ထိုးစစ် ဆင်နေသည့် အာဏာသိမ်း စစ်တပ် ထိခိုက်သေဆုံးသူ (၇၀)ကျော်ရှိ
ဒီဇင်ဘာ 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) အထူးဒေသ(၁)မုံးကိုးခရိုင်၊ ဖောင်းဆိုင်ဒေသရှိ  MNDAA(ကိုးကန့်)၏ မန်ရန်တပ်စခန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က  ခြေလျင်တပ်ဖွဲ့များ ၊ တိုက်လေယာဉ်များ ၊ နေရာ အနံမှ လက်နက်ကြီးများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ပြီး ထိုးစစ် (၉)ကြိမ်အတွင်း အာဏာသိမ်းစစ်တပ်မှ ထိခိုက်သေဆုံးသူ (၇၀)ကျော်ရှိသည်ဟု The Kokang သတင်းက ဖေါ်ပြသည်။

အာဏာသိမ်းစစ်တပ်က ဒီဇင်ဘာလ (၁၉) ရက်နေ့ နံနက် (၆)နာရီဝန်းကျင်ကတည်းက မြန်မာ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA (ကိုးကန့်) ၏ မန်ရန်တပ်စခန်းကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ပြီး တစ်နာရီအတွင်း စုစုပေါင်းပစ်ခတ်သော လက်နက်ကြီးကျည်သည် (၆၀၀)ကျော်ခန့်ရှိခဲ့သည်ဟုသိရသည်။

ယင်းအပြင် နေ့လယ်ပိုင်းတွင်  အာဏာသိမ်းစစ်တပ်က ခြေလျင်တပ်ဖွဲ့များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လာရာ သံချပ်ကာကားများ အပါအဝင် အခြားသောလက်နက်ကြီးများအပါအဝင် စုစုပေါင်းပစ်ခတ်သောလက်နက်ကြီးကျည်သည် (၁၅၀၀)ကျော်ခန့် ရှိသည်ဟုလည်း သိရသည်။

MNDAA(ကိုးကန့်)သည် အာဏာသိမ်းစစ်တပ်က လူအင်အား(၅၀၀)ကျော်ဖြင့် (၉)ကြိမ်တိုင်တိုင် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့ပြီး အာဏာသိမ်းစစ်တပ်က ထိခိုက်ဒဏ်ရာရကျဆုံးသူ (၇၀) ကျော်အထက်ရှိသည်ဟု သိရသည်။

အာဏာသိမ်းစစ်တပ်သည် ကျဆုံးမှုများသောကြောင့် MNDAA ၏ မုံးကိုးခရိုင် လှိုင်ရှိန်တောင်တန်းနှင့်  မန်ရန်တပ်စခန်းများကို တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်လာရောက်ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

ကိုးကန့် (MNDAA) ကို အာဏာသိမ်းစစ်တပ်က ဩဂုတ်လကတည်းက အင်အားဖြင့်ထိုးစစ်ဆင်တိုက်ခိုက်နေသည်ကို တွေ့ရသည်။