ကယားပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်များအားလုံး စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်း

ကယားပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်များအားလုံး စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်း
စက်တင်ဘာ 11, 2020
By Tachileik News Agency

ကယားပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်များအားလုံး စက်တင်ဘာလ (၁၂)ရက်နေ့မှစ၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်း 

ကယားပြည်နယ်တွင်းမှ ခရီးသည်တင်ယာဉ်လိုင်းအားလုံး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ပြေးဆွဲခွင့်ယာယီရပ်ဆိုင်းရန် ပြည်နယ်အစိုးရက စက်တင်ဘာလ (၁၁)ရက်နေ့၌ ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။
COVID 19  ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကယားပြည်နယ်တွင်းမှ ခရီးသည်တင်ယာဉ်လိုင်းအားလုံး ယာယီရပ်ဆိုင်းစေခြင်းဖြစ်ကြောင်း ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
“ကျွန်တော်တို့ပြည်နယ်ရဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်တဲ့အနေနဲ့ ကျွန်တော်တို့ ယာဉ်လိုင်းတွေအနေနဲ့က ပါဝင်ကူညီဆောင်ရွက်ပေးရမှာပဲလေ။ ကိုယ့်ကြောင့် ကယားပြည်နယ် ကိုဗစ်တွေ့တာ မဖြစ်အောင် ကျွန်တော်တို့ (ယကက) ကော်မတီအောက်မှာ ကြီးကြပ်နေတဲ့ ယာဉ်လိုင်းအားလုံး ကလည်း သဘောပေါက်အောင် ယာဉ်လိုင်းအသီးသိးပေါ့။ ယာဉ်လိုင်း (၅၀)လောက်က (၃၉)ဦး တက်လာလို့ ရှင်းပြလိုက်တယ်။ သူတို့ကတော့ နည်းနည်းပါးပါးတော့ စိုးရိမ်တာပေါ့။ တကယ်လို့များ အဝေးပြေးရော ပြည်နယ်တွင်းရော ရပ်လိုက်မယ်ဆို အခက်အခဲတွေတော့ရှိတယ်ပေါ့။ သို့သော်လည်း ကျွန်တော်ရှင်းပြ လိုက်တယ်။ (၁၂) ရက်နေ့ကနေ (၃၀) ရက်နေ့အထိပဲ။ (၁၈) ရက်တာကာလ ထိပဲ ယာယီရပ်ဆိုင်းတာလေ။”ဟု ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးစံအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ခရီးသည်တင်ယာဉ်လိုင်းများ ယာယီရပ်ဆိုင်းထားစဉ်ကာလအတွင်း ကုန်စည်ပို့ဆောင်ရေးယာဉ်များကို ခွင့်ပြုထားမည်ဖြစ်သော်လည်း ကုန်တင်ယာဉ်များအနေဖြင့် ကုန်စည်များကို လိုက်လံပို့ဆောင်ခြင်းမပြုရဘဲ ပြည်နယ်တွင်း ယာဉ်ရပ်နားဝင်းတွင်သာ ထားရှိရမည်ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်ရှိ အထက(၆)ယာဉ်ရပ်နားစခန်းတွင် သီးသန့်နေထိုင်ရမည်ဖြစ်ကြောင်း သိရသည်။
“ယာဉ်လိုင်းဆိုတော့ အကုန်ပါတာပေါ့။ ကျွန်တော်တို့က ရက်ချိန်းလေးပေးလိုက်တဲ့သဘောပါ။ ကျွန်တော်ကတော့ ဒီလိုနားလည်တယ်။ ပြည်နယ်ကိုဗစ်ကော်မတီက ဒီလိုဆုံးဖြတ်တယ်လို့ယူဆတယ်။ ဆိုလိုတာတော့ အချိန်လေးတစ်ခုပေးထားလိုက်တာပေါ့။ ဒီကြားထဲမှာ သွားစရာလာစရာတွေ လွိုင်ကော်မှာ ဒေသခံမဟုတ်ဘဲ ရန်ကုန် တစ်ခြားမန္တလေးပြန်ချင်တဲ့သူတွေ သူတို့အချိန်ရသေးတယ်လေ ။ဒီကာလမှာ သူတို့သွားတော့ပေါ့။” ဟု လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြာသည်။
ကယားပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် ကိုယ်ပိုင်မော်တော်ယာဉ် ငယ်များနှင့် ဌာနဆိုင်ရာ မော်တော် ယာဉ်ငယ်များ အနေဖြင့် ယာဉ်မောင်းအပါအဝင် (၃)ဦး အထိသာ တင်ဆောင်၍ သတ်မှတ် ညွှန်ကြားချက်အတိုင်း Quarantine ဝင်ရောက်ရန်နှင့် အရေးကြီးကုန်စည် ပို့ဆောင်ရန်ရှိသော ကုန်တင်ယာဉ်များနှင့် အရေးပေါ်သွားလာရန် ကိစ္စရှိသော ယာဉ်ကြီးနှင့် ယာဉ်ငယ်များ အားလုံးမှာ ကန့်သတ်ချိန်တွင်း သွားလာလိုပါက ကယားပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုထောက်ခံချက် ရယူရမည်ဖြစ်သည်။
“ကျွန်တော်တို့ ယာဉ်လိုင်းတွေကလည်း ယာဉ်မောင်း ၊ယာဉ်နောက်လိုက် ကောမတီတွေ အကုန်လုံးပေါ့။ ကျွန်တော်တို့ပြည်နယ်ရဲ့ အနေအထားကိုထိန်းချုပ်ပြီးတော့ တတ်နိုင်သလောက်ဝိုင်းဝန်း ကူညီတဲ့အနေနဲ့ ကာကွယ်ကုသတဲ့အနေနဲ့ ဝိုင်းဝန်းပြီးတော့ အားဖြည့်ပြီးတော့ ကူညီပေးရမယ့်ချိန်ရောက်နေပြီ။ ကျွန်တော်တို့ ပြည်နယ်ကလည်း အခြားတိုင်းနဲ့ပြည်နယ်နဲ့မတူဘူး။ တစ်ယောက်မှကိုဗစ်မတွေ့ဘဲ ဂုဏ်ယူစရာကြီးပေါ့။ ဒီဂုဏ်ယူစရာ ကိစ္စတစ်ခုကို ကျွန်တော်တို့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ထပြီးတော့ ဘဲဥကွဲသွားတဲ့ ပုံစံမျိုးလည်း ကျွန်တော်တို့အဖြစ်မခံနိုင်ဘူး ။” ဟု ကယားပြည်နယ် ပုဂ္ဂလိကမော်တော်ယဉ်လုပ်ငန်းများ စနစ်တကျကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးစံအေးကပြောသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်းကို အခြေပြု၍ ဒေသအသီးသီးသို့ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း (၇၀)နီးပါးရှိပြီး ယင်းတို့အနက် ယာဉ်လိုင်း(၂၀)ကျော်မှာ ပြည်နယ်တွင်းပြေးဆွဲနေသော ယာဉ်လိုင်းများဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~