တာချီလိတ်တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်မှု မလိုက်နာသည့်ဆိုင်များကို ရှောင်တခင်စစ်ဆေးအရေးယူမှု စက်တင်ဘာတွင် စတင်နေပြီး မလိုက်နာပါက ပိတ်သိမ်းမည်

တာချီလိတ်တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်မှု မလိုက်နာသည့်ဆိုင်များကို ရှောင်တခင်စစ်ဆေးအရေးယူမှု စက်တင်ဘာတွင် စတင်နေပြီး မလိုက်နာပါက ပိတ်သိမ်းမည်
စက်တင်ဘာ 5, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်မှု မလိုက်နာသည့်ဆိုင်များကို  ရှောင်တခင်စစ်ဆေးအရေးယူမှု  စက်တင်ဘာတွင် စတင်နေပြီး မလိုက်နာပါက ပိတ်သိမ်းမည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်နှင့်အညီ ဖွင့်ခွင့်ပေးထားသည့် ဆိုင်များအား ပုံမှန်စစ်ဆေးနေရာမှ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့မှစ၍ ရှောင်တခင် စစ်ဆေးအရေးယူမှုကို စတင်နေပြီဖြစ်သည်။
COVID 19 ပြည်တွင်းကူးစက်မှုရှိလာသဖြင့် ရောဂါပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရေးအတွက် ယင်းကဲ့သို့ဆောင်ရွက်လာခြင်းဖြစ်ပြီး လိုက်နာမှုမရှိသည့် ဆိုင်များကို (၁) ကြိမ်သတိပေးပြီး၍ ထပ်မံမလိုက်နာပါက ဆိုင်ဖွင့်ခွင့် အကန့်အသတ်ဖြင့် ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု သိရသည်။
"ဆိုင် (၂၀) စစ်တယ်။ ဆိုင် (၄) ဆိုင်က ဆိုင်ဝန်ထမ်းတွေ Mask တပ်ဆင်မှုအားနည်းတဲ့အတွက် ပထမအကြိမ် သတိပေးအကြောင်းကြားသွားမယ်။ နောက်ထပ် မလိုက်နာဘူးဆိုရင် အရေးယူမှာပေါ့။ ပထမအကြိမ်က စာနဲ့သတိပေးတာပေါ့” ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၅)ရက်နေ့၌ ပြောသည်။
တာချီလိတ်မြို့ ရှမ်းရိုးမကွင်းနှင့် စားသောက်ဆိုင်များတွင် COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များအား လိုက်နာမှုရှိ၊ မရှိ စက်တင်ဘာ (၅) ရက်နေ့၌ ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ရာ လိုက်နာမှုမရှိသည့် လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင် (၄)ဆိုင်ကိုတွေ့ရသဖြင့် အများပြည်သူသို့ အမည်ဖေါ်ပြခြင်းမရှိသေးဘဲ ပထမအကြိမ်စာထုတ်သတိပေးထားမည်ဖြစ်သော်လည်း လိုက်နာခြင်းမရှိပါက ဆိုင်ကို ကာလအကန့်အသတ်ဖြင့် ပိတ်သိမ်းမည်ဖြစ်သည်ဟု သိရသည်။
စားသောက်ဆိုင်များ၊ ဆိုင်များအနေဖြင့် COVID-19 ရောဂါမကူးစက်စေရေးအတွက် ဆိုင်အဝင်တွင် လက်ဆေးဘေစင်များထားရှိရန်၊ အပူချိန်တိုင်းကိရိယာများဖြင့် ဆိုင်အဝင်တွင်  အပူချိန်တိုင်းတာစစ်ဆေးရန်၊ စားသောက် ဆိုင်များတွင် စားပွဲဝိုင်းတစ်ခုနှင့်တစ်ခုကြား အကာအရံများထားရှိရန်၊ ကျန်းမာရေးဌာနမှ COVID-19 နှင့်ပတ်သက်သည့် ညွှန်ကြားချက်ဗီနိုင်းများကို အများမြင်သာသည့်နေရာများတွင် ထားရှိရန်၊ ဆိုင်ဝန်ထမ်းများ Mask တပ်ဆင်ရန်၊ စားသောက်ဆိုင်ဖြစ်ပါက စားပွဲထိုးနှင့် ငွေကောက်ခံသူကို သီးသန့်ထားရှိရန် စသည့်အချက်များကို လိုက်နာမှုရှိ၊မရှိ စစ်ဆေးနေခြင်းဖြစ်သည်။
ယင်းအပြင် ရှမ်းရိုးမကွင်းတွင် ဈေးရောင်းသူများအနေဖြင့် သတ်မှတ်အကွာအဝေးအတိုင်း  ရောင်းချရန်၊ ဈေးရောင်းသူများနှင့် ဈေးဝယ်သူများ Mask များတပ်ဆင်ရန်  မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က စက်တင်ဘာလ (၅)ရက်နေ့တွင် လိုက်လံစစ်ဆေးနေသည်ကို တွေ့ရသည်။
Tachileik News Agency
သတင်း၊ဓာတ်ပုံ - ဟန်စိုးထိုက်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~