မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)မှတဆင့် တာချီလိတ်မြို့မှ မော်တော်ယာဉ်များ အလှည့်ကျသွားလာနိုင်ရန် မဲနိုက်ရွေးချယ်

မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)မှတဆင့် တာချီလိတ်မြို့မှ မော်တော်ယာဉ်များ အလှည့်ကျသွားလာနိုင်ရန် မဲနိုက်ရွေးချယ်
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ချစ်ကြည်ရေး အမှတ်(၂)တံတား ပေါ်တွင်  မြန်မာလိုင်စင်မော်တော်ယာဉ်များ  အလှည့်ကျသွားလာနိုင်ရန် မဲနိုက်ရွေးချယ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် နေ့စဉ်အလှည့်ကျ တာချီလိတ် - မယ်ဆိုင်အကြား ကုန်ပစ္စည်းပို့ဆောင်ရေးပြေးဆွဲခွင့်အတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့၌ မြန်မာလိုင်စင် မော်တော်ယာဉ် (၅၄) စီးကို မဲနှိုက်ရွေးချယ်ကြသည်။
“အဓိက ကတော့ မြန်မာဘက်က ကားဆရာတွေလည်း အဆင်ပြေသွားအောင်ပေါ့။ ကျွန်တော်တို့ထုတ်ပြန်ထားတဲ့ စည်းကမ်းနဲ့လည်း ညီအောင်၊ နောက်ထိုင်းဘက်က ကား (၆) စီးကို သူတို့နိုင်ငံက အကောက်ခွန်ကနေစီမံပြီးတော့ လွှတ်တာပေါ့။ ကျွန်တော်တို့ဘက်ကတော့ နေ့စဉ်ဒီ (၆) စီးပဲ သွားနေရတော့ ကျန်တဲ့ကားပိုင်တွေ၊ ကုန်သည်တွေက သွားချင် လာချင်ရှိတာပေါ့။ ဒီအတွက် တံတား (၂) ရော တံတား (၁) ဖွင့်စဉ်အခါတုန်းကရော ပုံမှန် ကူးသန်းရောင်းဝယ်နေတဲ့ သူတွေကို သူတို့ရဲ့မြန်မာနံပါတ်နဲ့ ကားလေးတွေကို စာရင်းကောက်ပြီး အလှည့်ကျစနစ်နဲ့ (၆) စီးဆိုတဲ့ ဘောင်ထဲဝင်ရမယ်။ မြန်မာကားလည်းဖြစ်ရမယ်ဆိုပြီး မဲနှိုက်တာပေါ့”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
COVID-19 ရောဂါကြောင့် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)တွင် နေ့စဉ်ပြေးဆွဲနေသည့် မော်တော်ယာဉ်စီးရေ ထက်ဝက်နီးပါးလျှော့ချပြီး မြန်မာလိုင်စင်မော်တော်ယာဉ် (၆) စီးကိုသာ စက်တင်ဘာလ (၁၇) ရက်နေ့မှစတင်ပြီး ပြေးဆွဲခွင့်ပြုခဲ့ရာ တာချီလိတ်ဘက်မှလည်း မယ်ဆိုင်ဘက်မှ ခွင့်ပြုသည့်နည်းတူ ထိုင်းလိုင်စင်မော်တော်ယာဉ် (၆) စီးသာ ဝင်ရောက်ရန် ပြန်လည်ကန့်သတ်ခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံဘက်မှ မော်တော်ယာဉ် (၆)စီး စီသာ ဝင်ရောက်ခွင့်ပြုရာ၌ ထိုင်းလိုင်စင်မော်တော်ယာဉ်များမှာ အလှည့်ကျ ဝင်နေနိုင်သော်လည်း မြန်မာဘက်က ပုံသေနံပါတ် (၆)စီးသာ နေ့စဉ်ပြေးဆွဲနေရခြင်းဖြစ်ရာ နေ့စဉ်အလှည့်ကျ ပြေးဆွဲနိုင်ရန် ယခင်က ထိုင်းလိုင်စင်မော်တော်ယာဉ်များ မောင်းနှင်၍ လက်ရှိ လုပ်ငန်းရပ်နားနေရသည့် မြန်မာယာဉ်မောင်းများအား မြန်မာလိုင်စင်မော်တော်ယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စီစဉ်ပေးခြင်းဖြစ်သည်။
“မြန်မာဘက်က (၆) စီးနေရာမှာ ထည်လဲဖြစ်သွားတဲ့အတွက် အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ ပထမဆုံး (၆) စီးပဲ ထုတ်ပြန်လိုက်တော့ သို့လောသို့လော ဖြစ်သွားတာပေါ့။ အခက်အခဲတွေလည်းဖြစ်သွားတယ်။ အခုက (၆) စီး မူဘောင်နဲ့ လုံးလုံး မသွားရတာနဲ့စာရင် အစီး (၆၀) အလှည့်ကျပေးလိုက်တော့ အဆင်ပြေတာပေါ့”ဟု ယာဉ်ပိုင်ရှင် ဦးစိုးလေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် COVID-19 ရောဂါကြောင့် ထိုင်းနိုင်ငံဘက်မှ မြန်မာယာဉ်မောင်းများကို ကန့်သတ်ချက်များ ပြုလုပ်ရန်စီစဉ်ခဲ့သဖြင့် စက်တင်ဘာလ (၁၄) ရက်နေ့တွင် တာချီလိတ်နှင့် မယ်ဆိုင် မြို့နယ်အဆင့်အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဆိုပါ တွေ့ဆုံဆွေးနွေးမှုအပေါ် လျစ်လျူရှုကာ တစ်ဖက်သတ် ကန့်သတ်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုင်းဘက်က တစ်ဖက်သတ်ထုတ်ပြန်ချက်ကို မြန်မာဘက်က အလားတူ တုန့်ပြန်ခဲ့ပြီးနောက် နှစ်နိုင်ငံ သဘော တူညီချက်များအရ တန်းတူညီမျှအခွင့်အရေးရရှိရန် မြန်မာလိုင်စင်မော်တော်ယာဉ်များဖြင့် တာချီလိတ်နှင့် မယ်ဆိုင်ကြားအလှည့်ကျ ပြေးဆွဲနိုင်ရေး စီစဉ်ပေးခြင်းဖြစ်သည်။
နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်လိုသည့် မြန်မာလိုင်စင်မော်တော်ယာဉ်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ စာရင်းပေးသွင်းနိုင်မည်ဖြစ်သည်။

 Tachileik News Agency

သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~