မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)မှ မြန်မာလိုင်စင်နံပါတ်တပ် မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်လိုသူများ စာရင်းပေးသွင်းနိုင်

မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)မှ မြန်မာလိုင်စင်နံပါတ်တပ် မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်လိုသူများ စာရင်းပေးသွင်းနိုင်
စက်တင်ဘာ 19, 2020
By Tachileik News Agency

တာချီလိတ်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)မှ မြန်မာလိုင်စင်နံပါတ်တပ် မော်တော်ယာဉ်များဖြင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်လိုသူများ စာရင်းပေးသွင်းနိုင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့မှ မယ်ဆိုင်ဘက်သို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်လိုသည့် မြန်မာလိုင်စင်နံပါတ်ဖြင့် မော်တော်ယာဉ်များ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လာရောက်စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း  သိရသည်။
"မြန်မာလိုင်စင်ကားတွေ ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ သွားလိုသယ်လိုတဲ့ ကားတွေစာရင်းကို ကောက်ယူသွားမှာဖြစ်ပါတယ်။ စာရင်းကောက်ယူပြီးရင် ကညနရော၊ ပို့/ဆက်ရောက ယာဉ်စစ်ဆေးမှုတွေ လုပ်ပါမယ်။ အဆင့်အတန်းမီတဲ့ကားတွေ သယ်ယူလို့ရတဲ့ကားတွေကိုသာ ခွင့်ပြုမှာဖြစ်ပါတယ်။ ထို့အတူပဲ ထိုင်းနိုင်ငံဘက်က ကားတွေလည်း မြန်မာနိုင်ငံကိုဝင်ချင်တယ်ဆိုရင် စစ်ဆေးပြီးမှ ဝင်ခွင့်လက်မှတ်ထု တ်ပေးပါမယ်။ လိုအပ်တဲ့စာရွက်စာတမ်း အချက်အလက်တွေ ကျွန်တော်တို့ကိုပေးရမှာ ဖြစ်ပါတယ်။ ဒီကားတွေကို အသုံးပြုလို့ရတာ ဟုတ်၊ မဟုတ် ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအရ စစ်ဆေးပြီး ဆောင်ရွက်ပါမယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့၌ ပြောသည်။
တာချီလိတ် - မယ်ဆိုင် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ဆောင်လိုသည့် မြန်မာ လိုင်စင်နံပါတ်ပါ မော်တော်ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်လိုင်စင်နှင့် ယာဉ်ပိုင်ဆိုင်မှုအထောက်အထား၊ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းနှင်မည့်သူ၏ လိုင်စင်၊ ယာဉ်၏ ရှေ့/နောက်/ဝဲ/ယာဓါတ်ပုံများဖြင့် စက်တင်ဘာလ (၂၁)ရက်နေ့မှစ၍ တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။
မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား(၂)မှနေ၍ မယ်ဆိုင်ဘက်မှ တာချီလိတ်မြို့တွင်း နေ့စဉ်ဝင်ရောက်နေသည့် ထိုင်းလိုင်စင်နံပါတ်ပြားတပ် မော်တော်ယာဉ်အရေအတွက် (၃၀၀) ခန့်ဖြင့် ကုန်ပစ္စည်းသယ်ဆောင်နေသော်လည်း မြန်မာလိုင်စင်နံပါတ်ပြားတပ် မော်တော်ယာဉ် (၆)စီးကိုသာ ကုန်တင်ယာဉ်အဖြစ် မယ်ဆိုင်ဘက်က ခွင့်ပြုထားခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံ အပြန်အလှန် တန်းတူခွင့်ပြုနိုင်ရေး ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
COVID 19 ကာလအတွင်း တာချီလိတ် - မယ်ဆိုင်ကြား တစ်နိုင်တစ်ပိုင်အပါအဝင် ပို့ကုန်၊ သွင်းကုန်များ သယ်ယူပို့ဆောင်ခြင်းအတွက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကို အသုံးပြုနေရာမှ စက်တင်ဘာလ (၁၇)ရက်နေ့ကစပြီး နှစ်နိုင်ငံမှ ကုန်တင်ယာဉ် (၆)စီးစီဖြင့်သာ ကုန်ပစ္စည်းသယ်ယူခွင့်ပြုနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ - ဟန်စိုးထိုက်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~