လူမှုကွန်ယက်စာမျက်နှာမှ COVID 19 သတင်းမှားရေးခဲ့သူကို COVID ကော်မတီက နောက်ဆုံးအကြိမ် သတိပေး

လူမှုကွန်ယက်စာမျက်နှာမှ COVID 19 သတင်းမှားရေးခဲ့သူကို COVID ကော်မတီက နောက်ဆုံးအကြိမ် သတိပေး
စက်တင်ဘာ 22, 2020
By Tachileik News Agency
လူမှုကွန်ယက်စာမျက်နှာမှ COVID 19 သတင်းမှားရေးခဲ့သူကို COVID ကော်မတီက နောက်ဆုံးအကြိမ် သတိပေး
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် COVID -19 ပိုးတွေ့လူနာသစ်တစ်ဦးတွေ့ရှိသည်ဟု ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့က သတင်းအမှားတင်ခဲ့သည့် ကျောက်မဲမှ Facebook Account ပိုင်ရှင်အား စက်တင်ဘာလ (၂၂) ရက်နေ့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနတွင် သက်ဆိုင်ရာအဖွဲ့စုံဖြင့် ခေါ်ယူဆွေးနွေးကာ နောက်ဆုံးအကြိမ်သတိပေးကာ ကတိခံဝန်ချက်ရေးထိုးထားစေကြောင်း သိရသည်။
“အဲဒီသတင်းအမှားကြီးကို တင်လိုက်တဲ့အတွက် တစ်မြို့နယ်လုံးက လူတွေ အထိတ်တလန့်ဖြစ်ရသလို သက်ဆိုင်တဲ့ တာဝန်ယူထားရတဲ့ ဌာနတွေ၊ အဖွဲ့အစည်းတွေလည်း နာမည်ပျက်ရတယ်။ ဒါကြောင့် နောက်ထပ် အဲဒီလို သတင်းအမှားတွေ တင်တာမျိုးမဖြစ်လာအောင် တင်တဲ့သူကိုလည်း ထိထိရောက်ရောက် အရေးယူမယ်ဆိုတာကို သိရှိအောင် အခုလိုခေါ်ယူတွေ့ဆုံ သတိပေးရတာ ဖြစ်ပါတယ်”ဟု ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Zaw Tun ဆိုသည့် အကောင့်ပိုင်ရှင်က ကျောက်မဲတွင် COVID 19 အတည်ပြုလူနာတစ်ဦး ထပ်မံတွေ့ရှိသည်ဟု Facebook လူမှုကွန်ယက်တွင်တင်ခဲ့ရာ အများပြည်သူ အထိတ်တလန့်ဖြစ်သွား၍ မြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ခေါ်ယူသတိပေးလိုက်ခြင်းဖြစ်သည်။
Facebook Account မှ သတင်းမှားရေးသူအား မြို့နယ် COVID 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၊ ခရိုင်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ဥပဒေအရာရှိ၊ ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီနှင့် ပရဟိတအသင်းအဖွဲ့အချို့ ပါဝင်သောအဖွဲ့ဖြင့် ခေါ်ယူတွေ့ဆုံရာ အကောင့်ပိုင်ရှင်ဖြစ်သူ ဦးဇော်ထွန်းက ၎င်းသည် မှားယွင်းသည့် အရေးအသားဖြင့် လူမှုကွန်ယက်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့ခြင်း ဖြစ်သည်။
၎င်းအနေဖြင့် အများပြည်သူထိတ်လန့်စေမည့် သတင်းအမှားများ ထပ်မံ၍တင်ခဲ့ပါက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် လည်းကောင်း၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ ( ဃ ) ဖြင့် လည်းကောင်း အရေးယူခံရမည်ကို သိရှိပါကြောင်း သက်သေများ ရှေ့မှောက်တွင် ဝန်ခံကတိ ရေးထိုးစေခဲ့ခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~