ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံဆင်း

ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာတွင် ပိုးမတွေ့တော့၍ ဆေးရုံဆင်း
အောက်တိုဘာ 31, 2020
By Tachileik News Agency
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာတွင်  ပိုးမတွေ့တော့၍ ဆေးရုံဆင်း 
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာသည် ကျန်းမာရေးကောင်းမွန်၍  ပိုးမတွေ့ရှိတော့သည့်အတွက် (၁၆)ရက်အကြာဖြစ်သည့် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဆေးရုံဆင်းခွင့်ပြုလိုက်ကြောင်း လွိုင်ကော် ပြည်သူ့ဆေးရုံကြီးအုပ်ကြီး ဒေါက်တာဒေါ်ခင်စန်းမြင့် ကပြောသည်။
“သူ့ကို တတိယအကြိမ်မြောက် ပြန်စစ်တော့လည်း  Negative ဖြစ်ပြီ။ စိတ်ချရတဲ့အခြေနေရှိပြီ ဆိုပေမယ့်လည်း သူ့ရဲ့ အိမ်မှာ Home Quarantine အနေနဲ့ သူ့အိမ်မှာ တစ်ပတ်ပေးနားမှာဖြစ်ပါတယ်။ တစ်ပတ် နားပြီးရင် သူ့ရဲ့ မူလတာဝန်ကို ပြန်လည်ထမ်းဆောင်မှာဖြစ်ပါတယ်။ နားနေတဲ့ အခါမှာလည်း အိပ်ရေးဝဝ အိပ်ရမယ်။ အဟာရပြည့်ဝအောင် စားရမယ်။”ဟု လွိုင်ကော်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ခင်စန်းမြင့်က ပြောသည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာဖြစ်သည့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးမှ အမျိုးသမီး အထက်တန်းသူနာပြုသည် ရန်ကုန်မြို့တွင် သင်တန်းတက်ရောက်ပြီးနောက် အောက်တိုဘာလ (၅)ရက်နေ့က ပြန်ရောက်လာ၍ Quarantine သတ်မှတ်ထားပြီး ဓာတ်ခွဲနမူနာအား တောင်ကြီးသို့ ပေးပို့စစ်ဆေးရာမှအောက်တိုဘာလ (၁၅)ရက်နေ့က ဓာတ်ခွဲအဖြေအရ COVID 19 ပိုးတွေ့ရှိခဲ့ကာ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေခြင်းဖြစ်ပြီး ကုသမှု ခံယူပြီး (၁၆)ရက်မြောက်နေ့ဖြစ်သည့် အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ရခြင်း ဖြစ်သည်။
“သူပြန်လာတဲ့ လမ်းကြောင်းမှာ ဘယ်လိုဖြစ်ပြီး ကူးခဲ့လည်းတော့ မသိဘူးပေါ့လေ။ သူသင်တန်းမှာလည်း သူ့ဘာသူ ဂရုစိုက်မှာပဲ။ အဲ့ဒါကို ကျွန်မက အပြည့်အဝယုံကြည်ပြီးသား။ သူရန်ကုန်ကနေ ပြန်လာတဲ့ လမ်းကြောင်းမှာပဲ ဘယ်လို အားနည်းချက်တွေရှိပြီး ဘယ်လိုကူးစက်ခံခဲ့ရလည်းတော့ မသိဘူးပေါ့ ။”ဟု ဒေါက်တာဒေါ်ခင်စန်းမြင့်က ပြောသည်။
ပိုးတွေ့လူနာအား ဆေးကုသမှု ခံယူနေစဉ် တစ်ပတ်လျှင် (၁)ကြိမ် ဓါတ်ခွဲစစ်ဆေးမှု ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး နောက်ဆုံးအကြိမ် ဓါတ်ခွဲစစ်ဆေးမှု အဖြေတွင် ပိုးမတွေ့ရှိတော့သည့်အတွက် အခုလို ဆေးရုံဆင်းခွင့်ပြုကာ နေအိမ်သီခြား (၇) ရက်ထပ်မံ နေထိုင်စေမည်ဖြစ်ကြောင်းသိရသည်။
ကယားပြည်နယ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် Covid-19 အတည်ပြုလူနာ (၇) ဦးတွင် ပထမဆုံး အတည်ပြုလူနာတစ်ဦး ဆေးရုံဆင်းခွင့်ရရှိ၍ အတည်ပြုလူနာ (၆)ဦးသာ ကျန်ရှိပြီး ကျန်ရှိသည့်  လူနာအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး သမားတော်ကြီးတစ်ဦးနှင့် ဆရာဝန်များက အထူးကြပ်မက် ကုသပေးနေကြောင်းသိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~