ကျောက်မဲတွင် လေလွင့်ခွေးများအား သားကြောဖြတ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို (၆)လစီမံချက်ဖြင့် ဆောင်ရွက်မည်

ကျောက်မဲတွင် လေလွင့်ခွေးများအား သားကြောဖြတ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို (၆)လစီမံချက်ဖြင့် ဆောင်ရွက်မည်
သြဂုတ် 11, 2020
By 🌸
ကျောက်မဲတွင် လေလွင့်ခွေးများအား သားကြောဖြတ်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းကို (၆)လစီမံချက်ဖြင့် ဆောင်ရွက်မည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ခွေးရူးပြန်ရောဂါကင်းမဲ့ဇုံ ( Rabies Free Zone ) ဖြစ်ပေါ်လာစေရန် လေလွင့်ခွေးများအား သားကြောဖြတ်ခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းတို့ကို  ကျောက်မဲပြည်သူ့ဆေးရုံနှင့် စစ်ကိုင်းမြို့ရှိ ခွေးချစ်သူများအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁) ရက်နေ့မှစတင်ကာ ဆောင်ရွက်နေသည်။

“အဓိကက ခွေးလေခွေးလွင့်တွေကို စနစ်တကျဖမ်းဆီးပြီးတော့ သားကြောဖြတ်တာရယ်၊ ခွေးရူးပြန်ရောဂါ မဖြစ်စေဖို့ ကာကွယ်ဆေးထိုးပေးတာတွေ လုပ်ပေးပါတယ်။ အဲဒီလိုလုပ်ပေးပြီးသားခွေးတွေကိုလည်း နားရွက်မှာ အမှတ်အသားလုပ်ပေးထားတယ်။ ကာကွယ်ဆေးအတွက်က INGO တစ်ခုကနေ အလုံး (၁၀၀) ကူညီထားတယ်။ လာပြီးလုပ်ဆောင်ပေးတဲ့ အဖွဲ့တွေအတွက်ကတော့ ကျောက်မဲဆေးရုံရယ်၊ မြို့ပေါ်က အလှူရှင်တွေရယ် ပေါင်းစပ်ပြီး နေရေး စားရေးစီစဉ်ပေးတယ်” 

ဟု  ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်းက တာချီလိတ် သတင်း အေဂျင်စီ သို့ ပြောသည်။
လေလွင့်ခွေးများ ထိန်းသိမ်းကုသရေးအတွက် အမေရိကန်နိုင်ငံမှ လာရောက်သည့် တိရိစ္ဆာန် ဆေးကုဆရာဝန် Dr.Amy Shroof ၊ ကျောက်မဲခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်း၊ စစ်ကိုင်းမြို့ အာလောင်ရွာရှိ Royal Heart ခွေးချစ်သူများအဖွဲ့မှ ဒေါက်တာကျော်ရန်နိုင်ထွန်းနှင့်အဖွဲ့ တို့က လုပ်ဆောင်ပေးနေပြီး ကျောက်မဲရှိ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေး MANA မှ ဒေါက်တာသိန်းဇော်နှင့် ကျောက်မဲရှိ အလှူရှင်အသီးသီးတို့က ကုန်ကျစရိတ်များအတွက် ပူးပေါင်းပါဝင် လှူဒါန်းပေးကြကြောင်း သိရသည်။

“တစ်လကို (၅) ရက်လောက် အဲဒီလို ကုသပေးတာတွေလုပ်မယ်။ ကျောက်မဲမှာရှိတဲ့ဘုန်းကြီးကျောင်းတွေ၊ ဈေးတွေ၊ လူစည်ကားတဲ့နေရာတွေလို အဓိကကျတဲ့ နေရာတွေက ခွေးလေ ခွေးလွင့်တွေကို ဖမ်းဆီးပြီး အဲဒီလို ကာကွယ်ဆေးထိုးတာတွေ အရင်ဆုံးဦးစားပေးပြီးတော့လုပ်မယ်။ ခွေးလေခွေးလွင့်တွေနဲ့ ခွေးရူးရောဂါတွေ လုံးဝလျော့နည်းသွားဖို့ဆိုရင် (၆) လလောက်ဆက်တိုက် လုပ်ရမယ်လို့ စီမံချက်ချထားတယ်” 

ဟု ဆေးရုံအုပ်ကြီးက ပြောသည်။
အခြားနိုင်ငံများတွင် ဖေါ်ဆောင် လုပ်ဆောင်နေသည့် ခွေးရူးရောဂါကင်းမဲ့ဇုန် Rabies Free Zone ရှိသည့် စံပြမြို့နယ်တစ်ခု အဖြစ် ကျောက်မဲမြို့နယ်ကို ရည်ရွယ်ချက်ထား၍ စီမံချက်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်ပြီး (၆)လကြာ စီမံချက်ဖြင့် မလုံလောက်ပါက စီမံချက်ကာလ သက်တမ်းထပ်မံတိုးဖြည့်ကာ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~