မကွေးတိုင်းဒေသကြီးအတွင်း ပျားစခန်းအချို့တွင် ပျားရည်အထွက်နှုန်းကျစေမည့် ကပ်ပါးမွှားကျရောက်နေ

မကွေးတိုင်းဒေသကြီးအတွင်း ပျားစခန်းအချို့တွင် ပျားရည်အထွက်နှုန်းကျစေမည့် ကပ်ပါးမွှားကျရောက်နေ
သြဂုတ် 7, 2020
By 🌸

မကွေးတိုင်းဒေသကြီးအတွင်း ပျားစခန်းအချို့တွင် ပျားရည်အထွက်နှုန်းကျစေမည့် ကပ်ပါးမွှားကျရောက်နေ
မန္တလေးတိုင်းဒေသကြီးမှ ပြောင်းရွှေ့မွေးမြူလာသော ပျားစခန်းအချို့တွင် Varroa Jacobsoni ကပ်ပါးမွှားပါရှိလာသဖြင့် အခြားပျားမွေးမြူရေးစခန်းများသို့ မပျံ့နှံ့စေရေး ကာကွယ်ရေးပြုလုပ်နေရကြောင်း မကွေးတိုင်းပျားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

“ဌာနအနေနဲ့ ကြိုတင်ကာကွယ်တာ ၊ စစ်ဆေးတာတွေကို ဆက်တိုက်လုပ်နေရပါတယ်။ ဝတ်မှုံကူး၊ ဝတ်ရည်စုပ်တဲ့အချိန်မှာ ရောဂါရှိတဲ့ပျားနဲ့ မရှိတဲ့ပျားတွေ့ပြီး ကူးစက်မှုနှုန်းက မြန်နိုင်တယ်။ ဒီပိုးက အကောင်ကြီးသလောက် အသက်ပြင်းပြီး ခုန်နိုင်တယ်။ (၆၅) ရာခိုင်နှုန်းပြင်းအားရှိတဲ့  ဖောမစ်အက်ဆစ်ကို ဖော့တုံးနဲ့ ဆွတ်၊ ပျားအုံထဲထည့်ပြီး အငွေ့ပျံစေပါတယ်။ ကပ်ပါးမွှားတွေ ပြုတ်ကျပြီး ဆက်မသွားနိုင်အောင် ပျားပုံးအောက်မှာ စားအုန်းဆီသုတ်ထားတဲ့ ဖလင်ပြားခံရပါတယ်” 

ဟု ပျားလုပ်ငန်းဦးစီးဌာန ၊ မကွေးတိုင်းဦးစီးမှူး ဦးစိုးနိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းတွင် လွန်ခဲ့သည့် နှစ် (၂၀) ဝန်းကျင်က အဆိုပါကပ်ပါးမွှား ကျရောက်မှုရှိခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လဆန်းပိုင်းမှစ၍ မန္တလေးတိုင်းမှ ရွှေ့ပြောင်းမွေးမြူလာသော ပျားစခန်းအချို့တွင် အဆိုပါ Varroa ကပ်ပါးမွှားကျရောက်မှုရှိနေသည်ကို  တွေ့ရှိကြရခြင်းဖြစ်ကြောင်း သိရသည်။

“ဒီပိုးက ပျားရည်ထုတ်လုပ်မှုကို လျော့ကျစေပြီး ပျားရဲ့အင်အားလည်း ပျက်ဆီးလောက်တဲ့အဆင့်ထိ ကျသွားစေတယ်။ ဒီပိုးဝင်လာရင် ပျားသားလောင်းပုပ်တဲ့ ရောဂါတွေလည်း ဝင်လာနိုင်တယ်။ ဒီရောဂါ ကျလာရင် ဆိုးကျိုးတွေက အများကြီးရှိလို့ ကျွန်တေယ်တို့ ပျားမွေးမြူရေးလုပ်ငန်းအတွက် စိုးရိမ်စရာပါ” 

ဟု ပျားမွေးမြူရေးလုပ်ကိုင်သူ ဦးကျော်တင်မြင့်က ပြောသည်။ 
ပျားမွေးမြူရေးလုပ်ကိုင်သူများမှာ ရာသီအလိုက်စိုက်ပျိုးသည့် နှမ်း၊ နေကြာ၊ ဇီး စသည့် သီးနှံခင်းရှိရာ ဒေသများသို့  ရွှေ့ပြောင်းမွေးမြူကြလေ့ရှိရာ ကပ်ပါးမွှား ပျံ့ပွားကူးစက်မည်ကို ပျားမွေးမြူရေးလုပ်ငန်းရှင်များက စိုးရိမ်နေကြခြင်းဖြစ်သည်။
၂၀၂၀ ခုနှစ် မိုးရာသီအတွင်း ပျားရည်အထွက်နှုန်းကျဆင်းပြီး  ပြည်ပဈေးကွက်တင်ပို့နိုင်မှု မရှိ၍ ဈေးကွက်ထိခိုက်နေချိန်တွင် ပျားရည်အထွက်နှုန်းကျစေမည့် ကပ်ပါးပိုးပါ ထပ်မံကူးစက်ခံရမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~