စစ်တပ်အာဏာသိမ်းပြီး နှစ်လကြာရောင်းချထားသည့် ၂၆ ကြိမ်မြောက်အောင်ဘာလေထီဆုကြေးကို ကျပ်သိန်း ၁၅၀၀၀မှ ကျပ်သိန်း ၅၀၀၀ သို့လျှော့ချ

စစ်တပ်အာဏာသိမ်းပြီး နှစ်လကြာရောင်းချထားသည့် ၂၆ ကြိမ်မြောက်အောင်ဘာလေထီဆုကြေးကို ကျပ်သိန်း ၁၅၀၀၀မှ ကျပ်သိန်း ၅၀၀၀ သို့လျှော့ချ
ဧပြီ 30, 2021 | စီးပွားရေး
By Tachileik News Agency

ထီထိုးသူနည်းသဖြင့် နှစ်လကြာရောင်းချထားသည့် ၂၆ ကြိမ်မြောက် အောင်ဘာလေထီ၏ အမြင့်ဆုံးဆုကြေးကို ကျပ်သိန်း ၁၅၀၀၀ မှ ကျပ်သိန်း ၅၀၀၀ သို့ လျှော့ချလိုက်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲက ၂၀၂၁ ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် ကြေညာလာသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် အောင်ဘာလေထီထိုးသူနည်းသွားသဖြင့် မတ်လ (၁) ရက်နေ့တွင် စတင်ရောင်းချပြီး ဧပြီလ (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးရမည့် ၂၆ ကြိမ်မြောက် အောင်ဘာလေထီကို ဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းမရှိဘဲ ထီဖွင့်ရက်ကို မေလ (၁) ရက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

နှစ်လတာရောင်းချခဲ့သော်လည်း ထီလက်မှတ်ရောင်းအားတက်မလာသဖြင့် မူလသတ်မှတ်ထားသည့် ဆုမဲများစာရင်းမှ အမြင့်ဆုံးဆုငွေ ကျပ်သိန်း ၁၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀၀ ဆုမဲများကို မေလ (၁) ရက်နေ့တွင် ဖွင့်လှစ်ပေးမည့် ၂၆ ကြိမ်မြောက် အောင်ဘာလေထီတွင် ပေးနိုင်ခြင်းမရှိတော့ဘဲ အမြင့်ဆုံးဆုငွေကို ကျပ်သိန်း ၅၀၀၀ နှင့် ကျပ်သိန်း ၁၀၀၀ သို့ လျှော့ချထားရသည်ကို တွေ့ရသည်။

အမြင့်ဆုံးဆုကြေးငွေများကို လျှော့ချလိုက်သော်လည်း ထီလက်မှတ်ဈေးနှုန်းကို ယခင်သတ်မှတ်နှုန်းဖြင့် ရောင်းချထားခြင်းဖြစ်သည်။