မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ မြန်မာပစ္စည်းသယ်ယာဉ်များ ဖြတ်သန်းခွင့် တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ အလွတ်သဘော ဆွေးနွေး

မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ မြန်မာပစ္စည်းသယ်ယာဉ်များ ဖြတ်သန်းခွင့် တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ အလွတ်သဘော ဆွေးနွေး
သြဂုတ် 11, 2020
By Tachileik News Agency
မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားမှ မြန်မာပစ္စည်းသယ်ယာဉ်များ ဖြတ်သန်းခွင့် တာချီလိတ်နှင့် မယ်ဆိုင် တာဝန်ရှိသူများ အလွတ်သဘော ဆွေးနွေး

COVID ကာလအတွင်း တာချီလိတ် - မယ်ဆိုင် ကုန်သွယ်ရေးအတွက် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၂)မှ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခွင့်ပေးထားသော်လည်း မြန်မာနိုင်ငံဘက်မှ ပစ္စည်းသယ်ယာဉ်များကို ထိုင်းနိုင်ငံနည်းတူ ဖြတ်သန်းခွင့်ပေးရန် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၁)ရက်နေ့ နံနက်က အစည်းအဝေးတွင် ဆွေးနွေးထားကြောင်း သိရသည်။

"နှစ်နိုင်ငံ တံတား(၁) နဲ့ (၂) ပေါ်မှာ ကားတွေဖြတ်သန်းသွားလာခွင့် ပြုရမယ်ဆိုတာ စာချုပ်ချုပ်ထားပါတယ်။ စာချုပ်ရှိတဲ့အတွက် မယ်ဆိုင်မြို့ပိုင်က သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးကိုတင်ပြပြီးတော့ ကျွန်တော်တို့ဆီ အကြောင်းပြန်ပေးမယ်ပေါ့။ လတ်တလောမှာတော့ COVID 19 ဗဟိုကော်မတီကနေပြီးတော့ ထုတ်ပြန်ထားလို့ တားမြစ်ထားတယ်လို့ အကြောင်းပြန်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆီ တင်ပြပြီးတော့  ပြေလည်အောင်ဆောင်ရွက်ပေးမယ်လို့ ပြောသွားပါတယ်"ဟု တာချီတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

COVID 19 ကာလအတွင်း တာချီလိတ်နှင့် မယ်ဆိုင်ကြား မြန်မာ - ထိုင်းနယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံဘက်က ပိတ်ထားပြီး ကုန်သွယ်ရေးအတွက် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မှ ကုန်တင်ယာဉ်များနှင့် တစ်နိုင်တစ်ပိုင်ကုန်တင်ယာဉ်များ ဖြတ်သန်းခွင့်ပေးထားရာ၌ ထိုင်းနိုင်ငံမှ ပစ္စည်းသယ်ယာဉ်များကိုသာ ဖြတ်သန်းခွင့်ပေးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ သြဂုတ်လ (၁၁)ရက်နေ့တွင် မယ်ဆိုင်မြို့ပိုင်နှင့်အဖွဲ့က တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကို လာရောက်တွေ့ဆုံပြီး အလွတ်သဘောလာရောက်ဆွေးနွေးရာ၌ မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားမှတစ်ဆင့် နှစ်နိုင်ငံကုန်စည်ကူးသန်းနေသည့် ကုန်တင်ယာဉ်မောင်းများကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့မှစတင်ပြီး ထိုင်းဘက်၌သာ ညအိပ်ရန် ထိုင်းဘက်က ထုတ်ပြန်ထားသည့်ကိစ္စကိုလည်း ဆွေးနွေးကြခြင်းဖြစ်သည်။

"ကျွန်တော်တို့ ဒီ (၇) ရက်နေ့မှာ စထုတ်ပြန်တဲ့ (၁၀) ရက်နေ့ကစပြီး မယ်ဆိုင်မှာ ညအိပ်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ပေါ့။ အဲဒီကိစ္စကို ပြန်ညှိနှိုင်းလိုက်တဲ့အချိန်မှာ မလုပ်တော့ပါဘူး။ ထိုင်းနိုင်ငံဘက်က တာချီလိတ်မှာအိပ်ပြီး သူတို့ဘက်ကို ပြန်ဝင်လာတဲ့ကားသမားတွေကို စာရင်းကောက်မယ်။ ဖောင်ဖြည့်ရမယ်ပေါ့။ ကားနဲ့ပတ်သက်တဲ့ အချက်အလက်၊ မယ်ဆိုင်မှာ ဘယ်မှာပစ္စည်းသွားယူမယ်ဆိုတဲ့အချက်အလက်တွေပဲ။ ကျွန်တော်တို့ဘက်ကလည်း ဒီနေ့ကစပြီး မယ်ဆိုင်ကနေကျွန်တော်တို့ဆီဝင်လာတဲ့ကားသမားတွေကို ပုံမှန်လုပ်နေကျအတိုင်း ကိုယ်အပူချိန်တိုင်းမယ်။ စာရင်းကောက်မယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

၂၀၂၀ ခုနှစ် သြဂုတ်လ (၁၀) ရက်နေ့မှစတင်ပြီး မယ်ဆိုင်မြို့သို့ လာရောက်ကုန်တင်သည့် ယာဉ်မောင်းများကို မယ်ဆိုင်ဘက်ခြမ်းတွင် ညအိပ်ရပ်နားရန် ထိုင်းနိုင်ငံဘက်က သြဂုတ်လ (၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့သဖြင့် တာချီလိတ်မြို့အုပ်ချုပ်ရေးပိုင်းမှ မယ်ဆိုင်အုပ်ချုပ်ရေးပိုင်းသို့ မေးမြန်းခဲ့ရာတွင် မယ်ဆိုင်ကျန်းမာရေးဌာနမှထုတ်ပြန်ချက်ဖြစ်သဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

နှစ်နိုင်ငံ မြို့နယ်အဆင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဘက်မှ တပိုင်တနိုင်ကုန်သယ်ဆောင်မှုများကို အခွန်ကောက်ခံနေသည့်ကိစ္စ၊ နှစ်နိုင်ငံမော်တော်ယာဉ်များဖြတ်သန်းသွားလာရေးကိစ္စ၊ မြန်မာနိုင်ငံမှတင်ပို့သည့် ကုန်ပစ္စည်းပေါ်တွင် အခွန်ကောက်ခံနေသည့်ကိစ္စ၊ လက်ရှိ COVID-19 ဖြစ်ပေါ်နေသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ အပါဝင် ကုန်သွယ်ရေးနှင့် ပတ်သက်သည့် သက်ဆိုင်ရာဌာနများနှင့် မယ်ဆိုင်မြို့ပိုင်ဦးဆောင်သည့် ထိုင်းတာဝန်ရှိသူများအဖွဲ့တို့ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~