ကွတ်ခိုင်တွင် နေအိမ်တစ်အိမ်မှ ကား၊ ဆိုင်ကယ်နှင့် ငွေကျပ် ၇ သိန်း ဓါးပြတိုက်ခံရ

Photo: ဓါးပြတိုက်ခံရသည့်နေအိမ်
Photo: ဓါးပြတိုက်ခံရသည့်နေအိမ်
ကွတ်ခိုင်တွင် နေအိမ်တစ်အိမ်မှ ကား၊ ဆိုင်ကယ်နှင့် ငွေကျပ် ၇ သိန်း ဓါးပြတိုက်ခံရ
By Tachileik News Agency

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့  ရပ်ကွက်(၇)နှင့် မန်ဂျတ်ကျေးရွာကြားရှိ နေအိမ်တစ်အိမ်တွင် ၂၀၂၃ ခုနှစ်၊ မေလ (၆) ရက်နေ့ ည ၁၂ နာရီခွဲဝန်းကျင်က နေအိမ်တစ်အိမ်တွင် ဓါးပြတိုက်ခံရပြီး ကား၊ ဆိုင်ကယ်နှင့် ငွေသားကျပ် (၇)သိန်းပါသွားကြောင်း သိရသည်။

အဆိုပါနေအိမ်မှ အိမ်ရှင်ကို (၆)ဦးပါဝင်သည့် ဓါးပြအဖွဲ့က ကြိုးတုပ်ကာ ဓားဖြင့်ထောက်ပြီး ရိုက်နှက်ကာ ရွှေငါးကားတစ်စီး၊ Canda အမျိုးအစား ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်း ၃ လုံး၊ Power bank ၁ လုံးနှင့် ငွေသား (၇) သိန်း ယူဆောင်သွားကြကြောင်း သိရသည်။

သူတို့အိမ်က သူများအိမ်နဲ့ နည်းနည်းဝေးတယ်။ အဲဒီညက သူတို့အိမ်ပြင်မှာ အသံတွေ ကြားနေရတော့ သူတို့တံခါးထဖွင့်လိုက်တာနဲ့ လူနှစ်ယောက်က တစ်ခါတည်း ဝင်လာတာ။ တစ်ယောက်က အိမ်ရှင်ရဲ့လက်ကို ကြိုးနဲ့ လာတုပ်တယ်။ နောက်တစ်ယောက်က ဓားကို လည်ပင်းမှာ ထောက်ထားတယ်။ နောက်တစ်ယောက်ကျတော့ အိမ်ထဲမှာ ဝင်မွှေတာ

ဟု မန်ဂျတ်ရွာခံ ဦးအညီဟွယ်က ပြောသည်။



စစ်အာဏာသိမ်းခံရသည့်ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်အပါအဝင် လားရှိုး၊ မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များတွင် ခိုးမှု၊ လုယက်မှု၊ နေအိမ်ဖောက်ထွင်းခံရမှုများအပြင် ဓားပြမှုပါ ခပ်စိပ်စိပ်ဖြစ်ပွားလာနေကြောင်း သိရသည်။