တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းတက်လိုသူများ၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြပေးထား

တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းတက်လိုသူများ၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြပေးထား
ဇူလိုင် 9, 2020
By Tachileik News Agency
တာချီလိတ်မှတဆင့် ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းတက်လိုသူများ၏ စာရင်းကို ပြည်နယ်အစိုးရထံ တင်ပြပေးထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ထိုင်းနိုင်ငံတွင် ကျောင်းသွားတက်လိုသည့်  ကျောင်းသား၊ ကျောင်းသူများနှင့် လိုက်ပါလိုသည့် မိဘအုပ်ထိန်းသူများ၏ စာရင်းကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့မှ (၅) ရက်နေ့အထိ ကောက်ယူပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြပေးထားကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်တွင် အခြေခံပညာကျောင်း တက်လိုသူများ စာရင်းကို တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကောက်ယူခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၈၈) ဦး၊ မိဘအုပ်ထိန်းသူ (၁၂) ဦး စုစုပေါင်း (၁၀၀) ဦး စာရင်းပေးသွင်းထားကြောင်း သိရသည်။

ကျွန်တော်တို့က အစိုးရကိုစာရင်းတွေတင်ပြီး ခွင့်ပြုချက်တောင်းတုန်းပဲရှိသေးတာ။ ခွင့်ပြုချက်ရပြီဆိုမှ ဟိုဘက်(ထိုင်းနိုင်ငံဘက်)ကို ပြန်ညှိရမှာ။ စာရင်းကောက်တာတွေက ရပ်ထားလိုက်ပြီ။ စကောက်ကတည်းက တစ်ပတ်ပဲ ပြောထားတာ။ ပထမအသုတ် အဆင်ပြေသွားရင် ဒုတိယအသုတ်ထပ်လာချင်လာမှာပေါ့။ ပြောလို့မရသေးဘူး

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မှနေ၍ ထိုင်းနိုင်ငံဘက်သို့ အခြေခံပညာကျောင်း တက်လေ့ရှိကြသော်လည်း ၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါကြောင့် မြန်မာ - ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်များကို ပိတ်ထားရာ ထိုင်းနိုင်ငံဘက်သို့ မြန်မာဘက်မှ ကျောင်းသွားတက်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။

တာချီလိတ်မှ ကျောင်းသားများ ထိုင်းနိုင်ငံဘက်တွင် ကျောင်းတက်မည့်ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ချင်းရိုင်းခရိုင်အုပ်ချုပ်ရေးမှူးတို့ ၂၀၂၀ ခုနှစ် ဇွန်လ (၃၀) ရက်နေ့တွင် တယ်လီဖုန်းဖြင့် အလွတ်သဘော ဆွေးနွေးခဲ့ပြီးနောက် ဇူလိုင်လ (၁) ရက်နေ့၌ တာချီလိတ်မြို့မှ ကျောင်းသားမိဘများကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက တွေ့ဆုံရှင်းလင်းခဲ့ခြင်းဖြစ်သည်။

မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများကလည်း ထိုင်းကျောင်းတက်နေသည့် တာချီလိတ်မှ ကျောင်းသား၊ ကျောင်းသူများကိစ္စနှင့် ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဇူလိုင်လ (၂)ရက်နေ့က အလွတ်သဘော လာရောက် ဆွေးနွေးထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လဆန်းက စ၍ ဖွင့်လှစ်နေပြီဖြစ်ရာ ထိုင်းကျောင်းတက်နေသည့် ကျောင်းသား ကျောင်းသူများကို နယ်စပ်ချောင်းဖြတ်ကူး ပို့ဆောင်ရန် ကြိုးစားသည့် ကျောင်းသားမိဘများလည်းရှိလာ၍ တရားမဝင် ဝင်ရောက်လာသည့် ကျောင်းသူ၊ ကျောင်းသားများကို ကျောင်းအပ်လက်ခံမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံဘက်က အသိပေးထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~