ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါတွေ့ရှိသည့် ဝက်ခြံမှ ဝက်အားလုံးကို မြေမြုပ်ရှင်းလင်းထားပြီး ရောဂါ ထိန်းချုပ်နယ်မြေသတ်မှတ်

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါတွေ့ရှိသည့် ဝက်ခြံမှ ဝက်အားလုံးကို မြေမြုပ်ရှင်းလင်းထားပြီး ရောဂါ ထိန်းချုပ်နယ်မြေသတ်မှတ်
ဇူလိုင် 11, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် အာဖရိကဝက်အပြင်းဖျားရောဂါတွေ့ရှိသည့် ဝက်ခြံမှ ဝက်အားလုံးကို  မြေမြုပ်ရှင်းလင်းထားပြီး ရောဂါ ထိန်းချုပ်နယ်မြေသတ်မှတ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်း ရှမ်း - ကယားနယ်စပ် ပီကင်းကောခူကျေးရွာတွင် အာဖရိက ဝက်အပြင်းဖျား ရောဂါကြောင့် ဝက်အစုလိုက်အပြုံလိုက်သေဆုံးမှုဖြစ်နေသည့် မွေးမြူရေးခြံနှင့် သုံးကီလိုမီတာဝန်းကျင်ကို ရောဂါထိန်းချုပ်နယ်သတ်မှတ်ကာ အဝင်အထွက်ပိတ်ပင်ထားကြောင်း သိရသည်။

ကျွန်တော်တို့ခြံရဲ့ (၁)ကီလိုမီတာကို အထူးထိန်းချုပ်နယ်မြေပေါ့ အဝင်အထွက်မလုပ်ရ ဆိုတာကို ဆောင်ရွက်နေပါပြီ။ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကလည်း တားမြစ်မှာဖြစ်ပါတယ်။ အလားတူ နောက်ထပ် (၃)ကီလိုမီတာမှာလည်း ကျွန်တော်တို့ Control Zone (ထိန်းချုပ်နယ်မြေ)ပေါ့။ ဒီရွာတွေမှာကို ဒီထဲမှာ ဝက်အဝင်အထွက်မလုပ်ဖို့ တစ်ခါတည်းဒီနေ့ အပြီးစီစဉ်ပါမယ်

ဟု ကယားပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့နယ်၊ ပီကင်းကောခူကျေးရွာရှိ ဝက်မွေးမြူရေးခြံတစ်ခုတွင် ဇွန်လကုန်ပိုင်းမှစ၍ ဝက်များ ဆက်တိုက်သေဆုံးခဲ့သဖြင့် ဓာတ်နမူနာများအား မန္တလေးသို့ပေးပို့၍ စစ်ဆေးခဲ့ရာ အာဖရိက ဝက်အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး၏ မျိုးရိုးဗီဇတွေ့ရှိခဲ့ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဇူလိုင်လ (၁၀) ရက်နေ့တွင် အတည်ပြုထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ဓာတ်ခွဲအဖြေအရ ဝက်များအား ပိုင်ရှင်၏ ဆန္ဒနှင့်အညီ (၆)ပေအနက်ကျင်းတူး၍ ဇူလိုင်လ (၁၁)ရက်နေ့တွင် မြေမြုပ် ရှင်းလင်းလိုက်ပြီဖြစ်ပြီး အဆိုပါ မွေးမြူရေးခြံတွင် နောက်ထပ် ခြောက်လအတွင်း ထပ်မံ၍ ဝက်မွေးမြူခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

ပီးကင်းကောခူကျေးရွာတွင် ဝက်ကောင်ရေအများဆုံးသေဆုံးခဲ့သည့် စီးပွားဖြစ် ဝက်မွေးမြူရေးခြံအပြင် ကျေးရွာအတွင်း တစ်နိုင်တစ်ပိုင်မွေးမြူထားသည့် ဝက်ခြံများတွင်လည်း ဇူလိုင်လအတွင်းမှစ၍ ဝက်သေဆုံးခြင်းနှင့် ဖျားနာခြင်းများရှိနေခြင်းဖြစ်ကြောင်း သိရသည်။

သူတို့လည်း ဘယ်လိုပြောလာမလဲတော့ မသိဘူး။ အကုန်လုံးခြံလုံးပြတ် သုတ်သင်ခိုင်းမလား။ ဒါမှမဟုတ် ဖြစ်နေတဲ့ကောင်ကိုပဲ လုပ်ခိုင်းမလား မပြောတတ်သေးဘူး။ သူတို့လာမှပဲ သူတို့လုပ်ခိုင်းတဲ့အတိုင်းပဲ လုပ်လို့ရမှာလေ။ အကယ်၍ခြံလုံးပြတ် သုတ်သင်ရှင်းလင်းပါဆိုသုတ်သင်ရှင်းလင်းရမှပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာဗိုင်းရပ်စ် ပိုးရောဂါ ဆိုတော့ကျန်တဲ့ကောင်ဒီတိုင်းထားရင်လည်း တဖြေးဖြေးနဲ့ သေမှာပဲလေ။ ကျန်တဲ့ကောင်မရှိသလောက်ဖြစ်သွားပြီ။ ဘာလို့လဲဆို မနေ့ကမှ အာဖရိကဝက်အပြင်းဖျား ရောဂါ ဗိုင်းရစ်ပိုးအမျိုးအစားဆိုတာ သိရတဲ့အချိန်က နည်းနည်းတော့ နောက်ကျသွားပြီပေါ့နော် ။ ဒီမှာစဖြစ်နေတာ တော်တော်လေးကြာပြီ 

ဟု CP အမျိုးအစား ဝက်အကောင်(၂၀) တစ်ပိုင်တစ်နိုင်မွေးမြူထားသော မားရ်တာက ပြောသည်။

ပီကင်းကောခူကျေးရွာအတွင်း ဝက်မွေးမြူရေးခြံ (၇)ခြံခန့်ရှိပြီး မွေးမြူရေးဝက်အမျိုးအစား မွေးမြူထားသော စီးပွားဖြစ်ခြံနှင့် တစ်နိုင်တစ်ပိုင်ခြံများမှ ဝက်များ သေဆုံးခြင်း၊ ဖျားနာခြင်းဖြစ်သော်လည်း ဒေသဝက်မျိုးများ ဖျားနာ၊ သေဆုံးခြင်းမရှိကြောင်း သိရသည်။

ကျွန်တော်တို့ဖြစ်နိုင်ရင်သေသွားတဲ့အကောင်ကို မြေမြုပ်တဲ့အဆင့်ထိလိုက်မှာပါ။ ကျွန်တော်တို့လည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို  အသိပေးထားပြီးသားပါ။ ဝက် သေရင်ကျွန်တော်တို့ လာမယ်ဖုန်းဆက်ပါ။ ကျွန်တော်တို့ မြို့နယ်မှူးရှိနယ်။ ချက်ချင်းဆက်သွယ်။ ကျွန်တော်တို့ ချက်ချင်းလာမယ်။ သေစာရင်းကျွန်တော်တို့ယူပါမယ်။။ လိုအပ်ရင်ကျွန်တော်တို့ ခွဲစိတ်ပါမယ်။မြေမြုပ်ဖို့စီစဉ်ပါမယ်။ အဲဒီတော့ အကြားနဲ့ပဲကောက်ရတဲ့ စာရင်းကို ကျွန်တော်တို့ ကကြောက်ပါတယ်။ ဌာနက လက်လှမ်းမှီသလောက် သေတယ်ဆိုလိုက်ကြည့် ပါမယ်။ လိုအပ်ရင် ဓါတ်ခွဲခန်းအဖြေ ဆက်လက်ယူသွားမယ့်အကြောင်း ဖြည့်စွက်ပြောကြားလိုပါတယ်

ဟု ကယားပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသန်းအေးကပြောသည်။

အာဖရိက ဝက်အပြင်းဖျားရောဂါမှာ လူကိုကူးစက်ခြင်းမရှိ၊ လေထဲမှကူးစက်ခြင်းလည်း မရှိသောကြောင့် ဝက်မွေးမြူသူများအနေဖြင့် ဒေသဝက်များအား လွှတ်ကျောင်းမွေးခြင်းမလုပ်တော့ဘဲ ခြံခတ်ထားပြီး ဝက်ခြံနှင့် ဝက်စာ သန့်ရှင်းရန်နှင့် အခြားဝက်များဖြင့် ထိတွေ့မှုမရှိစေရန်၊ ဝက်သေဆုံးမှုဖြစ်ပါက ချက်ချင်းသတင်းပို့ရန်  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းထားသည်။

ကယားပြည်နယ်တွင် ဇွန်လအတွင်းက ဒီးမော့ဆိုမြို့နယ်၊ ဒေါငံရောက်ကျေးရွာ၌ ဝက်အားနည်းရောဂါကြောင့် သေဆုံးခဲ့ရသည့် ဝက်ကောင်ရေ (၆၀) ကျော်ရှိပြီး ပီကင်းကောခူကျေးရွာရှိ စီးပွားဖြစ် ဝက်အကောင်(၁၄၀)ကျော် မွေးမြူထားသည့် မွေးမြူရေးခြံတွင် ဇွန်လ (၂၈) ရက်နေ့မှ ယနေ့ထိ ရက်နေ့အထိ ဝက်ကောင်ရေ (၁၀၀)ကျော်သေဆုံးခဲ့ပြီး  ကျေးရွာတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူထားသည့်ခြံအချို့တွင်လည်း ဇူလိုင်လအတွင်းမှစ၍ ဝက်နာမကျန်းဖြစ်ခြင်း သေဆုံးခြင်းများရှိနေကြောင်းသိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~