၂၀၂၀ ခုနှစ်တွင် ယခင်နှစ်ထက် မူးယစ်ဆေးဖမ်းဆီးရမိမှု (၃) ဆအထိ တိုးမြင့်

၂၀၂၀ ခုနှစ်တွင် ယခင်နှစ်ထက် မူးယစ်ဆေးဖမ်းဆီးရမိမှု (၃) ဆအထိ တိုးမြင့်
ဇွန် 26, 2020
By Tachileik News Agency
၂၀၂၀ ခုနှစ်တွင် ယခင်နှစ်ထက် မူးယစ်ဆေးဖမ်းဆီးရမိမှု (၃) ဆအထိ တိုးမြင့်

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ၂၀၂၀ ခုနှစ်အတွင်း မူးယစ်ဆေးဖမ်းဆီးရမိမှု စုစုပေါင်း ပမာဏမှာ ၂၀၁၉ ခုနှစ်ကထက် (၃) ဆခန့် ပိုများပြီး ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိမှုမှာ အမေရိကန်ဒေါ်လာ (၆၅၂) သန်းရှိကြောင်း  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့၌သတင်းထုတ်ပြန်သည်။

၂၀၂၀ ခုနှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ (၅) နေရာတွင် ဇွန်လ (၂၆)ရက်နေ့က ပြုလုပ်ခဲ့ရာ ဘိန်း (၃,၁၃၄) ကီလိုကျော်၊ ဘိန်းဖြူ (၁,၀၉၂) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၃၀၈) သန်းခန့်၊ အိုက်စ် (၁၁,၁၃၁) ကီလိုကျော်၊ ဆေးခြောက် (၈၀၉) ကီလိုကျော် နှင့် ကတ်တမင်း (၁,၄၂၈) ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၁၁၃) မျိုး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၈၃၉) သန်းကျော်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း (၅၀) တို့အား ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်က ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့ (၃) နေရာတွင် ပြုလုပ်ခဲ့သည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှု၌ ဘိန်း (၁,၀၆၅) ကီလိုကျော်၊ ဘိန်းဖြူ (၈၂၄) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၀၈) သန်းကျော်၊ အိုက်စ် (၄,၂၇၆) ကီလိုကျော်၊ ဆေးခြောက် (၁၉၃) ကီလိုကျော်နှင့် ကတ်တမင်း (၂,၄၈၃) ကီလိုခန့် အပါအဝင် မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၅၉) မျိုး၊ စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၃၀၁) သန်းကျော်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ဖမ်းဆီးရမိသည့် ဘိန်း (၂,၄၀၁) ကီလိုကျော်၊ ဘိန်းဖြူ (၅၁၅) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၅၁) သန်းကျော်၊ အိုက်စ် (၇,၆၂၇) ကီလို၊ ကတ်တမင်း (၈၇၀) ကီလိုကျော်အပါအဝင် မူးယစ်ဆေးဝါး (၁၉) မျိုးနှင့် ဓာတုပစ္စည်း (၃၀) မျိုး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ (၂၃၂) သန်းကျော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ မီးရှို့ဖျက်ဆီးသည်။

ယင်းအပြင် ၂၀၂၀ ခုနှစ်၊ နှစ်ဆန်းပိုင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသတွင် တပ်မတော်စစ်ကြောင်းများ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ပါဝင်သည့် အထူးစစ်ဆေးရေးမှ ဖမ်းမိသည့် ဘိန်း (၁၄၆) ကီလိုကျော်၊ ဘိန်းဖြူ (၂၉၁) ကီလိုကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား (၁၉၃) သန်းကျော်၊ အိုက်စ် (၅၀၁) ကီလိုကျော်၊ ကဖင်း (၂,၂၀၂) ကီလိုကျော် အပါအဝင် မူးယစ်ဆေးဝါး (၁၄) မျိုး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ သန်း (၄၂၀)ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ နယ်မြေခံတပ်ရင်းရှေ့ရှိ ဘောလုံးကွင်း၌ မီးရှို့ဖျက်ဆီးသည်။

ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ဒေသမှ သိမ်းဆည်းရမိသော ဓာတုပစ္စည်း (၄၇) မျိုး တန်ဖိုး အမေရိကန်ဒေါ်လာ (၂.၃) သန်းကျော်နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်း(၅၀)မျိုးတို့ကို ဇွန်လ (၂၃) ရက်နေ့က ကွတ်ခိုင်မြို့တွင် ဖျက်ဆီးခဲ့သည်။

Tachileik News Agency
ဓာတ်ပုံ - မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~