အမှု အာမခံရရန်နှင့် အကြံပေးရန် ငွေကြေးရယူသည့် စခန်းမှူး နှင့် ဥပဒေအရာရှိ အပါအဝင် ပေးသူ ယူသူ နှစ်ဖက်စလုံးကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်

အမှု အာမခံရရန်နှင့် အကြံပေးရန် ငွေကြေးရယူသည့် စခန်းမှူး နှင့် ဥပဒေအရာရှိ အပါအဝင် ပေးသူ ယူသူ နှစ်ဖက်စလုံးကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်
ဇွန် 19, 2020
By Tachileik News Agency
အမှု အာမခံရရန်နှင့် အကြံပေးရန် ငွေကြေးရယူသည့် စခန်းမှူး နှင့် ဥပဒေအရာရှိ အပါအဝင် ပေးသူ ယူသူ နှစ်ဖက်စလုံးကို အဂတိတိုက်ဖျက်ရေး ကော်မရှင်က အမှုဖွင့်

ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေး အငြင်းပွားမှုနှင့်ပတ်သက်၍ ငွေကြေးပေးဆောင်ခဲ့သည့်  ဂေဟာဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့နှင့်အတူ ငွေကြေးရယူခဲ့သည့် ပန်းဘဲတန်းမြို့မစခန်းမှူးဟောင်းနှင့်  ဥပဒေအရာရှိတို့ကို  ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၈)ရက်နေ့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် ပန်းဘဲတန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

လက်ရှိတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/အုပ်ချုပ်ဌာနတွင် ဦးစီး(၅) အဆင့် တာဝန်ထမ်းဆောင် နေပြီဖြစ်သည့် ဒုတိယရဲမှူး (၁) ဦးနှင့် မြောင်းမြခရိုင်တွင် ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေပြီဖြစ်သူ (၁) ဦးတို့နှင့် အမှုအတွက် ငွေကြေးပေးဆောင်ခဲ့သည့် ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ရာမှ စစ်ဆေးပေါ်ပေါက်ချက်အရ အမှုဖွင့်ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်လူငယ်များရိပ်သာ စည်းကမ်းထိန်းသိမ်းရေးနှင့် အလုပ်အမှုဆောင်အဖွဲ့မှ ရန်ကုန်လူငယ်များဂေဟာ စီမံခန့်ခွဲခွင့်ရရှိရေးအတွက် ၂၀၁၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုအပေါ် အပြန်အလှန်တရားစွဲဆိုသည့်ကိစ္စနှင့် ပတ်သက်၍ ယခင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်း မြို့မစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင်  နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ စီမံ/အုပ်ချုပ်ဌာနတွင် ဦးစီး(၅) အဆင့် တာဝန်ထမ်းဆောင်နေပြီဖြစ်သည့် ဒုတိယရဲမှူး အောင်ဇော်မိုးက ရဲခံဝန်ချုပ် အာမခံ ပြုလုပ်ရာတွင် ဦးမြင့်ဦးထံမှ ငွေကျပ်(၆)သိန်းအား လက်ခံရယူခဲ့ကြောင်း စစ်ဆေးတွေ့ရှိရခြင်းဖြစ်သည်ဟု သိရသည်။

အလားတူ အဆိုပါ အမှုနှင့်ပတ်သက်၍ ယခင် တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန၊ စာချွန်တော်ဌာနမှ ဒုတိယညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိတွင် မြောင်းမြခရိုင် ဥပဒေအရာရှိအဖြစ် တာဝန်ထမ်းဆောင်နေသူ ဒေါ်နီနီဝင်းမှ အကြံပေးပြင်ဆင်လိုသည့်ကိစ္စနှင့်ပတ်သက်၍ စုစုပေါင်း ငွေကျပ်(၅၇)သိန်းကို (၇)ကြိမ်ခွဲ၍ လက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုအတွက် ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့သည် ဒုတိယရဲမှူး အောင်ဇော်မိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း တို့အား ငွေကြေးပေးခြင်း၊ စီမံခန့်ခွဲမှုပြုခြင်းတို့ဖြင့် အဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။ 

အဆိုပါ စစ်ဆေးတွေ့ရှိချက်များအရ ဒုတိယရဲမှူး အောင်ဇော်မိုးနှင့် ဥပဒေအရာရှိ ဒေါ်နီနီဝင်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း၊ ငွေကြေးပေးဆောင်ခဲ့သည့် ရန်ကုန်မြို့လူငယ်များဂေဟာအုပ်ချုပ်ရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးဉာဏ်ထွန်းထွန်းနှင့် ဘဏ္ဍာရေးမှူး ဦးမြင့်ဦးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၃ အရ လည်းကောင်း ပန်းဘဲတန်းမြို့မရဲစခန်းတွင် (ပ)၁၄၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၄၀၉ နှင့် (ပ)၁၅၁/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၄၅၁/၃၄၁/၄၂၇/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~