တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သား၏ သေနတ် ကျည်ထွက်ပြီး (၂)တန်း ကျောင်းသားလေးကို ထိမှန် 

တာချီလိတ်မြို့ရှိ အထက(တာချီလိတ်)တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သား၏ သေနတ် ကျည်ထွက်ပြီး (၂)တန်း ကျောင်းသားလေးကို ထိမှန် 
ဇွန် 22, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့အပိုင်း၊ တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း  စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သား၏ သေနတ်ကို ကျောင်းသားကလေးငယ်အား ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး (၂)တန်းကျောင်းသား၏  ခြေထောက်ကို ကျည်ထိမှန်သွားကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ(၂၂)ရက်နေ့ ၏ နေ့လည်(၁၂)နာရီဝန်းကျင် ထမင်းစားကျောင်းဆင်းချိန်တွင် အထက(တာချီလိတ်)ကျောင်း၌ သေနတ်ဖြင့် နေ့စဉ် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦး၏ သေနတ်အား (၂)တန်းကျောင်းသား ကလေးငယ်အား ပေးကိုင်ရာမှ ကျည်ထွက်သွားပြီး ကျောင်းသားတစ်ဦး၏ ခြေထောက်ကို ထိမှန်သွား၍ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

ကျောင်းသားမိဘအချို့က စစ်ကောင်စီတပ်သားက အရက်မူးပြီး ကျောင်သားကလေးငယ်ကို သေနတ်ဖြင့် ပစ်မည်ဟု ချိန်ရွယ် စနောက်ရာမှ တကယ်ပစ်မိသွားခြင်းဖြစ်သည်ဟု ဆိုသလို ကလေးက သေနတ်ကို ယူကိုင်၍ ကျည်ထွက်သည်ဟု ဆိုကြသော်လည်း ကျောင်းသားကလေးငယ်မှာ လက်ရှိတွင် ခြေထောက်တွင် ကျည်ထိမှန်ပြီး ဆေးကုသနေရသည်။

ကျည်ထိမှန်သည့် ကလေးမှာ ဒုတိယတန်း(ဃ)တွင် ပညာသင်ကြားနေသော အသက်(၈)နှစ်အရွယ် ကျောင်းသား မောင်အောင်ထက်ကိုကို ဖြစ်ကြောင်း သိရသည်။

ယခု ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျောင်းတွင် သေနတ်ဖြင့် ကျည်အသင့်ထိုးကာ အမြဲစောင့်ကြပ်နေပြီး အရက်မူးနေသည်ဟုဆိုသည့် စစ်ကောင်စီတပ်သားက ကလေးငယ်အား သေနတ်ပေးကိုင်ရာမှ ကျည်ထွက်ကာ ထိမှန်သွားခြင်းဖြစ်သော်လည်း ခြေထောက်ကို ထိ၍ အသက်အန္တရာယ် မစိုးရိမ်ရဟု သိရသည်။

အလယ်တန်း နှင့် မူလတန်းကလေးငယ်များပြားသည့် အထက(တာချီလိတ်)တွင် မလိုအပ်ဘဲ သေနတ်ကိုင်၍ စောင့်ကြပ်နေကြသည့် စစ်သားများမှာ အရက်မူးနေသည့် အချိန်များရှိသည်ဟု သိရသည်။



"အထက(တာချီလိတ်)မှာ စောင့်တဲ့ စစ်သားတွေက အရက်မူးနေတာများတယ်။ သူတို့နားက ဖြတ်သွားရင်လည်း အရက်နံ့က ထောင်းနေတာပဲ။ ပြီးတော့ ကလေးတွေ ထမင်းစားချိန်ဆိုလည်း အခန်းထဲဝင်ပြီး ထမင်းယူစားတာလည်းရှိသလို၊ သေနတ်နဲ့ပစ်မယ်ဆိုပြီး စနောက်တာလည်းရှိတယ်လို့ ကလေးတွေက အိမ်ပြန်ရောက်တော့ ပြောပြလေ့ရှိတယ်"ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စာသင်ကျောင်းများတွင် စစ်သားများ လက်နက်ကိုင်ဆောင်ပြီး စောင့်ကြပ်နေခြင်းကို ဖယ်ရှားပေးစေလိုကြောင်း  တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ကျောင်းမှာ အခုလို သေနတ်တွေနဲ့ အမြဲ လာရောက် စောင့်ကြပ်နေတာ မလိုအပ်တော့ပါဘူး။ ဒီနေ့ ဖြစ်စဉ်မှာဆိုရင် သေနတ်သံကြားလိုက်ရတဲ့ ကလေးတွေ အတော်ထိတ်လန့်ကုန်ကျတယ်။ သွေးတွေ ထွက်နေတဲ့ မြင်ကွင်းကိုလည်း ကလေးတွေ မြင်သွားကြတော့ ငိုတဲ့ကလေးက ငိုနေသလို ကြောက်လန့်နေတဲ့ ကလေးက ကြောက်လန့်နေကြတယ်။ အခုလို ဒီကျောင်းမှာ သေနတ်ကိုင်ပြီး မလိုအပ်ဘဲ လာစောင့်နေတာတွေကို တြိဂံဒေသတိုင်းမှူးအနေနဲ့ ရုတ်သိမ်းပေးသင့်ပါတယ်။"ဟု တာချီလိတ်မြို့နယ်ပညာရေးမှူးရုံးမှ အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက   Tachileik News Agency သို့  ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဒဏ်ရာရရှိထားသည့် ကျောင်းသားကလေးငယ်ကို တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် ထားရှိခြင်းမဟုတ်ဘဲ စစ်ကောင်စီတပ်၏ ဆေးတပ်ဖွဲ့က ခေါ်ဆောင်သွားကြောင်း နှင့် ယခုဖြစ်စဉ်မှာ စစ်တပ်ကိစ္စဖြစ်၍ သတင်းများ မထွက်ပေါ်ရန် ဒေသတွင်း သတင်း page များတွင် မဖော်ပြရန် တားမြစ်ဖုံးဖိထားကြောင်း အပြင်  သက်ဆိုင်ရာဌာနများအနေဖြင့် အထက်ဌာနအဆင့်ဆင့် ကြေးနန်းမတင်ရန်ပါ တားမြစ်ထားကြောင်း သိရသည်။