တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း လူငယ်တစ်ဦး ရေနစ်သေဆုံး

တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း လူငယ်တစ်ဦး ရေနစ်သေဆုံး
မေ 6, 2020
By Tachileik News Agency
တာချီလိတ်ရှိ မယ်ဆိုင်ချောင်းအတွင်း လူငယ်တစ်ဦး ရေနစ်သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း မယ်ဆိုင်ချောင်းတွင် ၂၀၂၀ ခုနှစ်၊ မေလ (၆)ရက်နေ့ ညနေပိုင်းက လူငယ်တစ်ဦး  ရေနစ်သေဆုံးသွားသည်။

“ ရေနစ်တဲ့ကလေးက ဟိုတယ်တစ်ခုမှာ စားဖိုချောင်အလုပ် လုပ်တဲ့သူ။ ဒီနေ့က ကဆုန်လပြည့်နေ့ဆိုတော့  အလုပ်ပိတ်လို့ သူငယ်ချင်းတွေနဲ့ ပျော်ပွဲစားထွက်ကြတာကနေ သူက ရေဆင်းကူးတယ်ပြောတယ်။ သူကူးလာတဲ့နေရာက ရေတိမ်တယ်။ အခုနစ်တဲ့နေရာက ရေက နက်တယ်။ ဝဲလည်းရှိတယ်။  သူရေနစ်တာကို သိတာလည်း နောက်ကျသွားတယ်ပြောတယ်။ သိတဲ့အချိန် သူ့သူငယ်ချင်းက ဆယ်တော့ သေနေပြီတဲ့။ ပျော်ပွဲစားထွက်တာဆိုတော့ သောက်စားထားကြတာလည်း တွေ့တယ်။ အသင်းကို ဖုန်းဆက်တော့ ချက်ချင်းသွားတယ်။ သွားရတဲ့နေရာက အတော်လှမ်းတော့ ဟိုမှာ အလောင်းက ဆယ်ထားပြီးဖြစ်နေပြီ။ ရဲကတော့ အဲဒီအဖွဲ့က အတူလာသူတွေကို စစ်ဆေးဖို့ ခေါ်ထားတယ်”ဟု အလောင်းသွားသယ်ပေးသည့် တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေနစ်သူရှိသဖြင့် လာရောက်သယ်ဆောင်ပေးရန် တာချီလိတ်နာရေးကူညီမှုအသင်းသို့ ညနေ (၄)နာရီ (၄၅)မိနစ်တွင် ဖုန်းဆက်အကူအညီတောင်းလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာအနီးတွင် ပျော်ပွဲစားထွက်လာသည့် လူငယ် (၁၀)ဦးဝန်းကျင်ကို တွေ့ရပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးခြင်း၊  တာချီလိတ်နာရေးကူညီမှုအသင်းက အလောင်းအားပြည်သူ့ဆေးရုံပို့ဆောင်၍ ရင်ခွဲစစ်ဆေးစေခြင်းများကို လုပ်ဆောင်ထားပြီး ရေနစ်သည့်လူငယ်နှင့်အတူလာသူများမှ အချို့ကို ရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း သိရသည်။

ရေနစ်သေဆုံးသွားသည့် လူငယ်မှာ အသက် (၁၉)နှစ်အရွယ် ဟိုတယ်ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~