ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် မြေတိုင်း(၄)တို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် မြေတိုင်း(၄)တို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
မေ 12, 2020
By Tachileik News Agency

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး နှင့် မြေတိုင်း(၄)တို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို အုတ်လုပ်ငန်းလိုင်စင် မလျှောက်ဘဲ လုပ်ကိုင်ခွင့်အတွက် ငွေကြေးရယူခွင့်ပြုမှုနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်တို့တွင် မြေလွတ်မြေရိုင်းအသုံးပြုခွင့် လျှောက်ထားသူထံမှ ငွေကြေးရယူမှုတို့ဖြင့် အမှုဖွင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လက်စွပ်ကျကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးကိုကိုသည် လက်စွပ်ကျကျေးရွာအုပ်စုအတွင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများအား အုတ်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်း မရှိစေဘဲ ငွေကြေးရယူ၍ လုပ်ကိုင်ခွင့်ပြုထားပြီး အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ ငွေကြေးများနှင့် အုတ်များအား ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ လက်ခံရယူခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၇ အရ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့မရဲစခန်းတွင် ၂၀၂၀ ခုနှစ်၊ မေလ (၁၁)ရက်နေ့က အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင်လည်း မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရေး လျှောက်ထားသူထံမှ ငွေကျပ် (၂၂)သိန်းကျော်ကို လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေတိုင်း (၄) ဦးမင်းမင်းလတ်က ရယူခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့က တွေ့ခဲ့ရသည်ဟု သိရသည်။

မြေတိုင်း (၄)ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့မရဲစခန်းတွင် မေလ (၁၁)ရက်နေ့က အမှုဖွင့်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~