ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ COVID-19 ကာလအတွင်း ဗီဇာ၊ နယ်စပ်ဖြတ်ကျော်ခွင့်တို့ သက်တမ်းတိုးရန် မလိုဘဲ ယာယီနေထိုင်ခွင့်ပြုမည်

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ COVID-19 ကာလအတွင်း ဗီဇာ၊ နယ်စပ်ဖြတ်ကျော်ခွင့်တို့ သက်တမ်းတိုးရန် မလိုဘဲ ယာယီနေထိုင်ခွင့်ပြုမည်
ဧပြီ 9, 2020
By Tachileik News Agency
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ COVID-19 ကာလအတွင်း ဗီဇာ၊ နယ်စပ်ဖြတ်ကျော်ခွင့်တို့ သက်တမ်းတိုးရန် မလိုဘဲ ယာယီနေထိုင်ခွင့်ပြုမည်

ထိုင်းနိုင်ငံတွင် ဗီဇာ၊ နေထိုင်ခွင့်သက်တမ်းကုန်နေသည့် နိုင်ငံခြားသားများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ သက်တမ်းတိုး လျှောက်ထားရန်မလိုဘဲ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ်ဖြင့် ပိတ်မိနေသူများလည်း နယ်စပ်ဂိတ်များ ပြန်ဖွင့်သည်အထိ နေထိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ပြည်ဝင်ဗီဇာအမျိုးအစား အမျိုးမျိုးဖြင့် ရောက်ရှိနေသော နိုင်ငံခြားသားများနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံ၊ လူဝင်မှုကြီးကြပ်ရေးရုံးက ဧပြီလ (၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုး ရောက်နေသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့် မတ်လ (၂၆)ရက်နေ့မှစ၍ ဗီဇာ/နေထိုင်ခွင့်သက်တမ်းကုန်ဆုံးပါက ဧပြီလ (၃၀)ရက်နေ့အထိ ဗီဇာသက်တမ်းတိုးပေးခြင်းကို ရုံးသို့သွားရန်မလိုဘဲ အလိုလျောက်တိုးပေးထားမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့် နေထိုင်သူများအနေဖြင့်လည်း နယ်စပ်ဂိတ်များဖွင့်သည်အထိ အဖမ်းအဆီးမရှိ နေထိုင်ခွင့်ရမည်ဖြစ်ကာ နယ်စပ်ဂိတ်ပြန်ဖွင့်ပြီး (၇)ရက်အတွင်း ပြန်လည်ထွက်ခွာရမည်ဟု သိရသည်။

ဗီဇာနှင့် နေထိုင်ခွင့်သက်တမ်း အလိုအလျောက် တိုးမြှင့်ပေးမည်ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးရုံးသို့ သွားရောက် လျှောက်ထားရန် မလိုသည့်အပြင် ယခင်ကောက်ခံသည့် ရက်လွန်ဒဏ်ကြေး ရက်ပို တစ်ရက်လျှင် ထိုင်းဘတ် (၅၀၀) အားလည်း ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နေထိုင်စဉ်ကာလအတွင်း ထိုင်းအစိုးရက ချမှတ်ထားသော ညမထွက်ရအမိန့်များ၊ သက်ဆိုင်ရာနယ်မြေအလိုက် ထုတ်ပြန် ထားသော တားမြစ်အမိန့်များ၊ ကန့်သတ်ချက်များအား တိတိကျကျ လိုက်နာကြရန်နှင့် နှစ်သစ်ကူးသင်္ကြန်ပွဲတော် ကာလအတွင်း လူစုလူဝေးဖြင့် ကျင်းပရမည့် ဘာသာရေး အခမ်းအနားများ ဆောင်ရွက်ခြင်း၊ ရေသဘင်ပွဲတော် ဆင်နွှွဲခြင်းအား ဆောင်ရွက်ခြင်း မပြုရန်နှင့် “နေ့စဉ်ဘဝမှာ ခပ်ခွာခွာ နေထိုင်ခြင်း” (Social Distancing) အား ဆောင်ရွက် သွားကြရန်ကိုလည်း ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးက တိုက်တွန်းသတိပေးထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~