ရှမ်းပြည်နယ်တွင် (၁၅)ရက်တာ ကာလအတွင်း လိုက်နာရမည့် ပန်ကြားချက် (၄)ချက်ကို ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်တွင် (၁၅)ရက်တာ ကာလအတွင်း လိုက်နာရမည့် ပန်ကြားချက် (၄)ချက်ကို ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်
ဧပြီ 6, 2020
By Tachileik News Agency
ရှမ်းပြည်နယ်တွင် (၁၅)ရက်တာကာလအတွင်း လိုက်နာရမည့် ပန်ကြားချက် (၄)ချက်ကို ပြည်နယ်အစိုးရအဖွဲ့ ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်း COVID 19 ကာကွယ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့မှ ဧပြီလ (၂၁)ရက်နေ့အထိ ကာလအတွင်း လိုက်နာရမည့် အချက် (၄)ချက်ပါဝင်သည့် ပန်ကြားချက်ကို ဧပြီလ (၆) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပြည်နယ်တွင်း ခရီးသွားလာခြင်း လျှော့ချရန်၊ ဟိုတယ်၊ တည်းခိုခန်းများ ပိတ်ထားရန်၊ အများပြည်သူ သွားလာနိုင်သည့် နေရာများသို့ သွားလာလည်ပတ်ခြင်း မပြုလုပ်ကြရန်နှင့် စားသောက်ကုန်၊ ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီများ မပြတ်လပ်စေရေးအတွက် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ပါဝင်ခြင်းဖြစ်သည်။

အစိုးရက ပြည်သူကို အမိန့်တော့ မဟုတ်ဘူး။ ပန်ကြားချက်ဖြစ်တယ်။ ဒီလို ကမ္ဘာ့ကပ်ရောဂါကာလမှာ ကျွန်တော်တို့က လူသားအရေးထက် အရေးကြီးတာ မရှိဘူး။ မိမိရဲ့အကျိုးစီးပွားတစ်ခုနဲ့ လူသားတွေကို ထိခိုက်စေမယ့် အရာတွေကိုတော့ လူ့ကျင့်ဝတ်အရ လိုက်နာဆောင်ရွက်ပေးဖို့ ပန်ကြားခြင်းပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကြီးမှာ အတည်ပြုတစ်ယောက်တွေ့ထားပေမဲ့ ဒီနေ့အထိ အဖိတ်အစင် မရှိသေးတာ၊ ကူးစက်မှု အများကြီး မတွေ့သေးတာကိုလည်း ဆက်ပြီး ထိန်းချုပ်နိုင်ဖို့ဆိုတာ ပြည်သူအားလုံး၊ တိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးဖို့ အရေးကြီးပါတယ်ဆိုတဲ့အကြောင်း အစိုးရကိုယ်စား ထပ်ဆင့် ပန်ကြားအပ်ပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်းကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၆)ရက်နေ့တွင် ပြောသည်။

COVID 19 ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် တားမြစ်မိန့်များထုတ်ပြန်ခဲ့သော်လည်း ရှမ်းပြည်နယ်တွင် ပြည်သူများသို့ ပန်ကြားချက်ကိုသာ ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း ပန်ကြားချက်များကို ဒေသအလိုက် တင်းတင်းကြပ်ကြပ် ဆောင်ရွက်သင့်သည်ဟု ပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌက တိုက်တွန်းသည်။

မြို့နယ်တွေက မြို့နယ်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးတော့ နည်းနည်းလေး တင်းတင်းကြပ်ကြပ် လုပ်ပေးရင်တော့ ပိုကောင်းမယ်ထင်ပါတယ်

ဟု  ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက ပြောသည်။

ပြည်သူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်တွင်သာ နေထိုင်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဆင်ကြရန်၊ ပန်ကြားချက်များကို တိကျစွာလိုက်နာကြရန်ကိုလည်း ပန်ကြားချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency
သတင်း  - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~