တာချီလိတ်သို့ လွှဲပြောင်းလာသည့် ထိုင်းနိုင်ငံ အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာသူ (၆၂)ဦးကို စိစစ်ပြီး နေရပ်ဒေသ အသီးသီးသို့ ချက်ချင်း ပို့ဆောင်

တာချီလိတ်သို့ လွှဲပြောင်းလာသည့် ထိုင်းနိုင်ငံ အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာသူ (၆၂)ဦးကို စိစစ်ပြီး နေရပ်ဒေသ အသီးသီးသို့ ချက်ချင်း ပို့ဆောင်
ဧပြီ 27, 2020
By Tachileik News Agency
တာချီလိတ်သို့ လွှဲပြောင်းလာသည့် ထိုင်းနိုင်ငံ အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာသူ (၆၂)ဦးကို စိစစ်ပြီး နေရပ်ဒေသ အသီးသီးသို့ ချက်ချင်း ပို့ဆောင်

ထိုင်းနိုင်ငံ၊ ချင်းမိုင် နှင့် ချင်းရိုင်းခရိုင်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး  ပြန်လည်လွတ်မြောက်လာသူ (၆၂)ဦးကို ထိုင်းနိုင်ငံဘက်တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေထိုင်ပြီးဖြစ်ကြောင်း  ထောက်ခံချက် လက်မှတ်များနှင့်အတူ ၂၀၂၀ ခုနှစ်၊ ဧပြီလ ( ၂၇ ) ရက်နေ့၌ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးသည်။

“အများစုကတော့ စာရွက်စာတမ်း မပြည့်စုံတာ၊ အချို့တွေကတော့ ရာဇဝတ်မှုကျူးလွန်တာတွေကြောင့်  အဖမ်းခံရတာတွေပါတယ်။  သူတို့က အကျဉ်းထောင်တွေမှာ နေခဲ့ရတော့ ရောဂါကင်းရှင်းကြောင်း စစ်ဆေးပြီးပြီလို့ ပြောပါတယ်။  နောက် မယ်ဆိုင်ဘက်မှာ (၂၁)ရက် နေထိုင်ပြီး ကျန်းမာရေးလည်း  စစ်ဆေးထားတယ်ပေါ့နော်။ သူတို့မှာ ရောဂါလက္ခဏာပြတာလည်း  မတွေ့ရတဲ့အတွက် သူတို့ဟာ Quarantine နေထိုင်ပြီးဖြစ်ကြောင်း ကျန်းမာရေးထောက်ခံချက်ကိုတော့ အင်္ဂလိပ်ဘာသာနဲ့ တစ်ယောက်စီကို ပေးထားပါတယ်”ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြန်လွှဲလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၄၄) ဦးနှင့် အမျိုးသမီး (၁၈) ဦး စုစုပေါင်း (၆၂)ဦးကို ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂) တာချီလိတ်ဘက်သို့ လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်ဘက်မှ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက စိစစ်လက်ခံကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံဘက်မှ ကျန်းမာရေးထောက်ခံချက်ဖြင့် လွှဲပြောင်းလာမှုမှာ ယခုတစ်ကြိမ်မှာ ပထမဆုံးဖြစ်ပြီး ထိုင်းဘက်မှ လွှဲပြောင်းလာသူများအား ကျန်းမာရေးဦးစီးဌာနက ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းများ ပြုလုပ်ပြီး၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက နိုင်ငံသားစိစစ်လက်ခံခြင်းပြုလုပ်သည်။

“အခုက COVID 19 ကာလဆိုတော့ ထိုင်းဘက်မှာ (၁၄)ရက်သို့မဟုတ် (၂၁)ရက် ထားတဲ့အခါမှာ နေ့စဉ်ကိုယ်အပူချိန်တိုင်းတယ်။ အဲဒီလို လုပ်တာမှာ ကျန်းမာရေးကောင်းမွန်တဲ့အတွက် မယ်ဆိုင်ဆေးရုံအုပ်ကြီးနဲ့  မယ်ဆိုင်လဝကကနေ လက်မှတ်ထိုးပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံချက် ထုတ်ပေးတာပါ”ဟု  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခရိုင်စီမံခန့်ခွဲမှုကော်မတီက ထိုင်းဘက်မှပြန်လွှဲလာသည့် မြန်မာနိုင်ငံသားများအား ထမင်းထုပ်၊ ခရီးစရိတ် ငွေကျပ် (၅,၀၀၀)စီကိုပေးအပ်ပြီး နေရပ်ပြန်နိုင်ရေး ကားစီစဉ်ပေးခဲ့ပြီး   ရဲတပ်ဖွဲ့က လမ်းတစ်လျှောက်လုံခြုံရေးရယူပေးမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းဘက်က ပြန်လွှဲလာသူများတွင် ရှမ်းပြည်နယ်တောင်ပိုင်းမှ (၄၀)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ (၁၈)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၁)ဦး၊ ပဲခူးတိုင်းမှ (၂)ဦးနှင့် မန္တလေးတိုင်းမှ (၁)ဦး ပါဝင်ခြင်းဖြစ်သည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတားနှစ်စင်းဖြစ်သည့် ချစ်ကြည်ရေး အမှတ်(၁)တံတားအား ယာယီပိတ်ထားခြင်း ဖြစ်ပြီး ချစ်ကြည်ရေးအမှတ်(၂)တံတားအား ကုန်သွယ်ရေးအတွက် ဖွင့်လှစ်ပေးထားရာ တံတား(၂)မှ တဆင့် လွှဲပြောင်းပေးလာကြခြင်း ဖြစ်သည်။

  Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~