တာချီလိတ်တွင် COVID 19 ကာအတွင်း အိမ်ထောင်စုများအား စားနပ်ရိက္ခာကူညီလိုပါက လူစုလူဝေး မဖြစ်စေရန် အုပ်ချုပ်ရေးအဖွဲ့ထံ အကူအညီတောင်းခံနိုင်

တာချီလိတ်တွင် COVID 19 ကာအတွင်း အိမ်ထောင်စုများအား စားနပ်ရိက္ခာကူညီလိုပါက လူစုလူဝေး မဖြစ်စေရန် အုပ်ချုပ်ရေးအဖွဲ့ထံ အကူအညီတောင်းခံနိုင်
ဧပြီ 8, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 ကာအတွင်း အိမ်ထောင်စုများအား စားနပ်ရိက္ခာကူညီလိုပါက လူစုလူဝေး မဖြစ်စေရန် အုပ်ချုပ်ရေးအဖွဲ့ထံ အကူအညီတောင်းခံနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ကာလအတွင်း အိမ်ထောင်စုများအား စားနပ်ရိက္ခာ ကူညီလိုသူများ အနေဖြင့် လူစုလူဝေး မဖြစ်စေဘဲ ပေးဝေနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားသည်။

 “သူတို့ကို ဝေချင်တယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကတစ်ဆင့် ဝေပါဆိုတာတော့ ပြောထားတယ်။ ဝေတာက တစ်မြို့လုံး အတိုင်းအတာဖြစ်သွားတော့ လူက အရမ်းများသွားတယ်။ အဲဒါကြောင့် ရပ်ကွက်လိုက်လုပ်ပါ။ အုပ်ချုပ်ရေးအဖွဲ့က ဝိုင်းကူပါ့မယ်ဆိုပြီးတော့ ပြောခဲ့တယ်။ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေက ကူညီပေးလို့ရတာပေါ့။ နောက်ပိုင်းမှာ လှူချင်တဲ့သူတွေရှိရင်လည်း ကျွန်တော့်ဆီကပဲဖြစ်ဖြစ်၊ သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကတစ်ဆင့်ဖြစ်ဖြစ် ဆက်သွယ်လုပ်ကိုင်ကြတာ။ လှူတာကတော့ အလှူရှင်တွေ သဘောကျ၊ စိတ်တိုင်းကျလှူလို့ရပါတယ်” ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်နာရေးကူညီမှုအသင်းနှင့် စေတနာရှင်များ ပူးပေါင်း၍ အိမ်ထောင်စုများအား စားနပ်ရိက္ခာ ကူညီပေးရာ လာရောက်ယူဆောင်သူ များပြား လွန်းသဖြင့် စီတန်းပေးဝေသည့် အစီအစဉ်ကို ရပ်လိုက်ကာ ရပ်ကွက်များသို့ ကားဖြင့် လှည့်လည်ပေးဝေနေရခြင်း ဆက်လက်လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

“မနက်က (၃)ပေခြားစီကနေ ယူကြဖို့ စီစဉ်ပေးထားပေမဲ့ လူက တအားများလာတဲ့အတွက် အိမ်ထောင်စု (၃၀၀)စာ ပေးပြီးတဲ့အခါမှာ ရပ်လိုက်ရတယ်။ အခုတော့ ကားတွေနဲ့ ရပ်ကွက်အလိုက် လှည့်ဝေပေးနေပါတယ်။ အိမ်ထောင်စုတစ်စုကို ဆန် (၁၀)ကီလို၊ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဖရုံသီး၊ အာလူး၊ ဟင်းချိုမှုန့်၊ ဆား၊ ငါးသေတ္တာ တစ်အိမ်ထောင် အဆင်သင့်ချက်စားစရာအစုံပါပါတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ပြောသည်။

ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ တာချီလိတ်နာရေးကူညီမှုအသင်းရုံးတွင် COVID 19 ကာလအတွင်း အခက်အခဲရှိမည့် မိသားစု (၁၀၀၀)စာအတွက် စားနပ်ရိက္ခာပေးဝေခဲ့ခြင်းဖြစ်ပြီး အလားတူ တစ်သီးပုဂ္ဂလ လိုက်လံပေးဝေလှူဒါန်းနေသူများလည်း ရှိနေခြင်းဖြစ်သည်။

“ဂေါက်ကွင်းကပိတ်လိုက်တော့ အဲဒီကဝန်ထမ်းတွေ အခက်အခဲဖြစ်ကြတယ်လေ။ ဒါကြောင့် သူတို့နေတဲ့ နေရာတွေဆီသွားပြီး စားနပ်ရိက္ခာ လိုက်ပို့ပေးတာ လုပ်ဖြစ်ပါတယ်။ အိမ်ထောင်စု (၁၀၀)လောက် ဝေပေးထားတယ်”ဟု Miss Universe Tachileik ဧကရီထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေ့ပြောင်းလုပ်သားအများအပြားရှိနေသည့် တာချီလိတ်တွင် COVID 19 ကြောင့် နယ်စပ်ဂိတ်များပိတ်ထားရပြီး လုပ်ငန်းအများအပြား ပိတ်ထားရသဖြင့် စားနပ်ရိက္ခာအခက်အခဲမဖြစ်စေရန် မိမိအစီအစဉ်ဖြင့် ကူညီနေသူများအပြင် သင်္ကြန်ကာလအတွင်း  ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများနှင့် ဆွမ်းခက်ခဲသော ဘုန်းကြီးကျောင်းများ၊ Church များနှင့် ပရဟိတဂေဟာများသို့ စားနပ်ရိက္ခာပံ့ပိုးမည့်အစီအစဉ်အတွက် ထည့်ဝင်ကူညီနေသူများလည်း ရှိနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - အလှူရှင်များ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~