ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် (၆၃)ဦး မကွေးတိုင်းသို့ ကား(၂)စီးဖြင့် ရောက်ရှိလာ၍ ကျန်းမာရေးစစ်ဆေးပြီး နေရပ်ပြန်ပို့ထား

ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် (၆၃)ဦး မကွေးတိုင်းသို့ ကား(၂)စီးဖြင့် ရောက်ရှိလာ၍ ကျန်းမာရေးစစ်ဆေးပြီး နေရပ်ပြန်ပို့ထား
မတ် 25, 2020
By Tachileik News Agency
ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသည့် (၆၃)ဦး မကွေးတိုင်းသို့ ကား(၂)စီးဖြင့် ရောက်ရှိလာ၍ ကျန်းမာရေးစစ်ဆေးပြီး နေရပ်ပြန်ပို့ထား

ထိုင်းနိုင်ငံမှနေရပ်ပြန် (၆၃)ဦးသည် မကွေးတိုင်းသို့ ကားနှစ်စီးဖြင့် ၂၀၂၀ ခုနှစ်၊ မတ်လ(၂၄)ရက်နေ့ နံနက်ပိုင်းတွင် ရောက်လာသဖြင့် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ကာ နေထိုင်ရာဒေသအသီးသီးသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပို့ဆောင်ပေးထားကြောင်း သိရသည်။

“မတ်လ(၂၃)ရက်နေ့က မြဝတီဘက်ကနေ မကွေးတိုင်းကို ကား(၂)စီးနဲ့ ပြည်တော်ပြန်တွေ ရောက်လာလိမ့်မယ်လို့ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးက ဓာတ်ပုံနဲ့တကွ သတင်းပို့ပေးလို့ သိရတာပါ။ (၄၄)ဦးလိုက်ပါလာတဲ့ကားပေါ်က လမ်းမှာ(၅)ဦး ဆင်းနေခဲ့လို့ မကွေးကို(၃၉)ဦးပါရှိပြီး ဒုတိယတစ်စီးမှာ (၂၄)ဦးပါရှိလာပါတယ်။ မြို့နယ်ကျန်းမာရေး ဦးစီးဌာနရုံးဝန်းအတွင်းမှာ လက်ခံပြီး ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပါတယ်။ အဲဒီနောက် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေပါရှိတဲ့ စာများပေးဝေပြီး ဆောင်ရန်၊ ရှောင်ရန် တွေကို ရှင်းလင်းပြောကြားပါတယ်။ နေအိမ်မှာ (၁၄)ရက်စောင့်ကြည့်ရမှာဖြစ်လို့ နေရပ်လိပ်စာတွေရယူပြီး သူတို့ဒေသက သက်ဆိုင်ရာတွေဆီ ပေးပို့မှာပါ။ ဒီတစ်ကြိမ်က ပထမဆုံးအကြိမ်ဖြစ်လို့ သူတို့ကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တာဝန်ယူပြီး ကား(၃)စီးနဲ့ နေရပ်ဒေသအသီးသီးဆီကို ပြန်ပို့ပေးဖို့ စီစဉ်ထားပါတယ်”ဟု ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မကွေးတိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဒေါက်တာ သောင်းလှိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

အဆိုပါ (၆၃)ဦး၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျှက်ရှိနေကြောင်းသိရပြီး အလားတူ ပြည်ပ နိုင်ငံများမှ မကွေးမြို့သို့ ပြန်လည်ရောက်ရှိလာသူများအနက်မှ မိမိအရပ်ဒေသသို့ ချက်ချင်းပြန်ရန် အခက် အခဲရှိသူများအား မကွေးမြို့ ကမ်းနားလမ်းရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ယာတိုက်ခန်းများ၌ သော် လည်းကောင်း၊ ကောင်းမွန် လုပ်ငန်းရှင်၏ခွင့်ပြုချက်ဖြင့် မြသလွန်စေတီအနီးမှ ၎င်းပိုင် အဆောက်အဦတို့တွင် ခေတ္တနေထိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းမှ ပေးပို့ခဲ့ရသော လူနာ(၁၅)ဦး၏ ဓာတ်ခွဲအဖြေတွင် ကိုရိုနာဗိုင်းရပ်စ်မတွေ့ရကြောင်း အဖြေထွက်ထားပြီး လတ်တလော စောင့်ကြည့် လူနာ (၃)ဦးမှာလည်း ကျန်းမာရေးတိုးတက်ကောင်းမွန်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~