CDM မရှိသလောက် နည်းသည့် မိုင်းဆတ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဝန်ထမ်းများကို စနေနေ့တိုင်း လုပ်အားပေးခိုင်း

Photo: We Love Mong Hsat
Photo: We Love Mong Hsat
CDM မရှိသလောက် နည်းသည့် မိုင်းဆတ်တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဝန်ထမ်းများကို စနေနေ့တိုင်း လုပ်အားပေးခိုင်း

 CDM မရှိသလောက်နည်းပါးသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ဌာနဆိုင်ရာဝန်ထမ်းများကို စနေနေ့တိုင်း လုပ်အားပေးစေခိုင်းနေ၍ ဝန်ထမ်းများ စိတ်ပျက်နေကြသည်ဟု သိရသည်။

"မိုင်းဆတ်က CDM လည်း မရှိသလောက် PDF လည်းမရှိ စကစက ကောင်းကောင်းအုပ်ချုပ်လို့ရနေတာကိုပဲ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ သူတို့တပ်က ချစ်ချစ်ခင်ခင်ပူးပေါင်းဆောင်ရွက်ပါတယ်ဆိုတာမျိုး ပြချင်တော့ စနေနေ့တိုင်း လုပ်အားပေးခိုင်းနေတယ်။"ဟု အမည်မဖေါ်လိုသည့် ဝန်ထမ်းတစ်ဦးက Tachileik News Agency သို့ ပြောသည်။

မိုင်းဆတ်မြို့တွင် ဝန်ထမ်းများ CDM မလုပ်ဆောင်ခြင်းမှာ စစ်ကောင်စီအဖွဲ့ကို လက်ခံနေခြင်း မဟုတ်ဘဲ စစ်တပ်အားကောင်းသည့် ဒေသဖြစ်၍သာ ဆက်လက်နေနေရသည်ဟု သိရသည်။

"CDM မလုပ်တဲ့ ဝန်ထမ်းတိုင်းကလည်း စကစကို လက်ခံနေတာ၊ ကြိုက်ကြတာ မဟုတ်ဘူးလေ။ ဒီပုံတွေကို တော်လှန်ရေးလုပ်နေတဲ့ကလေးတွေ မြင်ပြီး စိတ်ပျက်သွားမှာလည်း စိုးတယ်။ အခုလို လုပ်ခိုင်းတော့ မြို့ပေါ်လူမြင်ကွင်းကြီး ရှက်လဲရှက်၊ ဒေါသလည်း ထွက်မိတယ်"ဟု ၎င်းက ဆက်လက်ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့နှင့် စစ်တပ်အားကောင်းသည့် မိုင်းဆတ်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများကို ၂၀၂၂ ခုနှစ် ဧပြီလ (၃၀)ရက်နေ့ စနေ့နေ့ နံနက်က  မြို့လမ်းတလျှောက် မြက်ပေါက်၊ တံမြက်စည်းလှဲ၊ အမှိုက်ကောက်၊ ရေမြောင်းဖေါ်စသည့် အလုပ်များကို အာဏာသိမ်းတပ်နှင့်ပေါင်း၍ လုပ်အားပေးလုပ်ကြရန် ခိုင်းခဲ့ပြီး အပတ်စဉ် စနေနေ့တိုင်း လုပ်အားပေးရမည်ဟု ခိုင်းထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တစ်ခုလုံးတွင် ဧပြီလ(၃၀)ရက်နေ့က အပတ်စဉ် စနေနေ့ နေ့တိုင်း လုပ်အားပေးအဖြစ် စီမံချက်ဖြင့် စတင်ခဲ့ကြသည်။