Save the Children အဖွဲ့က မကွေးတိုင်း (၄)မြို့နယ်၌ ကလေးပြုစုပျိုးထောင်ရေးဌာန (၁၀၀) ကျော်ဖွင့်ထား

Save the Children အဖွဲ့က မကွေးတိုင်း (၄)မြို့နယ်၌ ကလေးပြုစုပျိုးထောင်ရေးဌာန (၁၀၀) ကျော်ဖွင့်ထား
မတ် 3, 2020
By Tachileik News Agency
Save the Children အဖွဲ့က မကွေးတိုင်း (၄)မြို့နယ်၌ ကလေးပြုစုပျိုးထောင်ရေးဌာန (၁၀၀) ကျော်ဖွင့်ထား

မကွေးတိုင်းအတွင်းရှိ မြို့နယ် (၇) မြို့နယ်၌ စီမံချက်(၅)ခု အကောင်အထည်ဖော်နေသည့် Save the Children အဖွဲ့က ၂၀၁၈ ခုနှစ်စီမံချက်ဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ ပခုက္ကူနှင့် ဆောမြို့နယ်တို့တွင် ကလေးပြုစုပျိုးထောင်ရေး ဌာန (၁၀၀)ကျော်တည်ထောင်ထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်ပရောဂျက်မှာ မကွေးတိုင်းအတွင်းက ပွင့်ဖြူ၊ မင်းဘူး၊ ပခုက္ကူနဲ့ ဆောမြို့နယ်တို့မှာ ကလေးပြုစုပျိုးထောင်ရေးဌာန (၁၀၀) ကျော် တည်ထောင်နိုင်ခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စီမံအုပ်ချုပ်မှုနဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာတွေမှာလည်း တိုးတက်မှုတွေရရှိခဲ့သလို ပညာရေးမှာလည်း ထိရောက်တဲ့အထောက်အကူတွေ ပေးနိုင်ခဲ့ပါတယ်

ဟု Save the Children ၏ ဒေသဆိုင်ရာဌာနမှူး ဦးနေမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Save the Children အဖွဲ့မှ မကွေးတိုင်းဒေသကြီးအတွင်း အကောင်အထည်နေသော ပညာရေး၊ ကျန်းမာရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စီမံအုပ်ချုပ်မှုနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး စီမံချက်များ၏ ၂၀၁၉ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များနှင့် ၂၀၂၀ ခုနှစ်တွင် ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်၊ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေးပြီး အကြံပြုချက်များရယူနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ မတ်လ(၃)ရက်နေ့တွင် မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ စီမံချက်များအား ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

Save the Childern အဖွဲ့က စီမံချက်များတွင် ငှက်ဖျားရောဂါကာကွယ်တိုက်ဖျက်ရေးစီမံကိန်းမှာလည်း တိုးတက်မှုရှိပြီး စေတုတ္တရာနှင့် ငဖဲမြို့နယ်များ၌  ၂၀၁၄ ခုနှစ်က ငှက်ဖျားရောဂါဖြစ်ပွားသူ (၄၀၀) ကျော်ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၁၆) ဦးသာရှိတော့ကြောင်း တင်ပြသွားပြီး ဆွေးနွေးပွဲတက်ရောက်သည့် မကွေးတိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက Save the Children ၏ စီမံချက်များ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသွားသည်။

Save the Children အဖွဲ့က မကွေးတိုင်းအတွင်း ဆော၊ စေတုတ္တရာ၊ ငဖဲ၊ ပေါက်၊ မြိုင်၊ ပခုက္ကူနှင့် မကွေးမြို့နယ်တို့တွင် ငှက်ဖျားရောဂါထိန်းချုပ်ကာကွယ်ရေးမှတစ်ဆင့် ငှက်ဖျားပိုး ကူးစက်မှုပပျောက်ရေး အရှိန်မြှင့်တင်ခြင်း စီမံချက်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် တစ်နှစ်အောက်ကလေး ကျန်းမာရေးမြှင့်တင်ခြင်း စီမံချက်၊ ငှက်ဖျားရောဂါ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေးစီမံချက်၊ ပညာရေးဆိုင်ရာ စီမံချက်နှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ စီမံအုပ်ချုပ်မှု စီမံချက်များကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနများနှင့် နားလည်မှု စာချွန်လွှာများရေးထိုး၍ လုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Save the Children အဖွဲ့က ၁၉၉၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ရောက်ရှိပြီး စီမံကိန်းများစတင်လုပ်ဆောင်ခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၀၀ ပြည့်နှစ်မှစ၍ ပခုက္ကူမြို့နယ်၌ ကျန်းမာရေးစီမံချက်ဖြင့် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ စီမံကိန်းများကို အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~