ကျိုင်းတုံမြို့တွင် စော်ဘွားဈေးဟောင်းနေ့အား ကျင်းပမည် ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပွဲလမ်းသဘင် ထည့်သွင်းခွင့် မပြု

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးဟောင်းနေ့အား ကျင်းပမည် ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပွဲလမ်းသဘင် ထည့်သွင်းခွင့် မပြု
မတ် 14, 2020
By Tachileik News Agency
ကျိုင်းတုံမြို့တွင် စော်ဘွားဈေးဟောင်းနေ့အား ကျင်းပမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့်  ပွဲလမ်းသဘင် ထည့်သွင်းခွင့် မပြု 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၂၀ခုနှစ် မတ်လ(၁၆)ရက်နေ့၌ ကျင်းပမည့် ဈေးဟောင်းနေ့(စော်ဘွားဈေးနေ့)အား ကျင်းပသွားမည် ဖြစ်သော်လည်း လတ်တလော ကိုရိုနာဗိုင်းရပ်စ် အခြေအနေကြောင့် ပွဲလမ်းသဘင်များ ထည့်သွင်းကျင်းပခွင့်မပြုဘဲ ဈေးရောင်းချြခင်း နှင့် စော်ဘွားကြီးများအား ဂါရဝါပြုခြင်းများကိုသာ ခွင့်ပြုပေးထားကြောင်း ကျိုင်းတုံခရိုင်စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

စော်ဘွားဈေးက ပွဲကတော့ လုပ်ခွင့် မပေးဘူး။ ဈေးကတော့ ပုံမှန်ပါပဲ။ အဲဒီနေ့က ဈေးကြီးပိတ်တော့ ဈေးလေးကတော့ ဖွင့်လို့ရပါတယ်။ ပွဲတွေ လုပ်တာကတော့ နိုင်ငံတော်ကလည်း ပိတ်ထားတယ်လေ။ ကိုရိုနာဗိုင်းရပ်စ် မကူးစက် မပြန့်ပွားအောင် လုပ်နေတာဆိုတော့။ ဈေးကတော့ ပုံမှန်ရောင်းလို့ ရပါတယ်

ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့  မတ်လ(၁၄)ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့တွင် စော်ဘွားဈေးနေ့အဖြစ် နှစ်စဉ် ရက်တစ်ရက်ကို သတ်မှတ်ကျင်းပလေ့ရှိပြီး အဆိုပါဈေးနေ့တွင်  ကျိုင်းတုံမြို့မဈေးအား ပိတ်ထားပြီး ဈေးသည်များအားလုံးက စော်ဘွားဈေးတွင် လာရောက်ရောင်းချလေ့ရှိခြင်းဖြစ်သည်။

စော်ဘွားဈေးနေ့မှာ မင်္ဂလာဖြင့်ပြည့်စုံသည့်နေ့ကို ရွေးချယ်ထားခြင်းဖြစ်၍ လာရောက်ဝယ်ယူသူများအနေဖြင့် စီးပွားရေး၊ ကျန်းမာရေးကောင်းမွန်စေသည်ဟု ယုံကြည်လေ့ရှိကြသည်။

မြန်မာနိုင်ငံတွင် မတ်လ (၁၄)ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ မတွေ့ရသေးသော်လည်း ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံထားရသူရှိနေနိုင်သဖြင့် လူစုလူဝေးပွဲများအား  အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

ကာကွယ်ဆေးနှင့် ကုထုံးမရှိသေးသည့် ကိုရိုနာဗိုင်းရပ်စ်မှာ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်သို့ ကူးစက်ပျံ့နှံ့နေသဖြင့် ကမ္ဘာ့ကပ်ရောဂါအဖြစ် WHO က မတ်လ (၁၁) ရက်နေ့တွင် ကြေညာထားရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~