ဝန်ကြီးကိုယ်တိုင် တောနင်းရှာဖွေဖမ်းဆီးထားသည့် တရားမဝင် ရေနံချက်ဖိုများ၏ ပိုင်ရှင်များကို ဖေါ်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့ ကြိုးပမ်းနေ

ဝန်ကြီးကိုယ်တိုင် တောနင်းရှာဖွေဖမ်းဆီးထားသည့် တရားမဝင် ရေနံချက်ဖိုများ၏ ပိုင်ရှင်များကို ဖေါ်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့ ကြိုးပမ်းနေ
မတ် 5, 2020
By Tachileik News Agency
ဝန်ကြီးကိုယ်တိုင် တောနင်းရှာဖွေဖမ်းဆီးထားသည့် တရားမဝင် ရေနံချက်ဖိုများ၏ ပိုင်ရှင်များကို ဖေါ်ထုတ်နိုင်ရေး ရဲတပ်ဖွဲ့ ကြိုးပမ်းနေ

မကွေးတိုင်းဒေသကြီးအတွင်း တရားမဝင် ရေနံချက်ဖိုများကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးကိုယ်တိုင် ၂၀၂၀ ခုနှစ်၊ မတ်လ (၅)ရက်နေ့က တောနင်းရှာဖွေရာ မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းနှင့် (၅)မိုင်ခန့်အကွာ၌ တရားမဝင် ရေနံချက်ဖို(၅)ဖိုအား တွေ့ရှိရ၍ ရဲတပ်ဖွဲ့က ပိုင်ရှင်စုံစမ်းဖေါ်ထုတ်နေကြောင်း သိရသည်။

“ တရားမဝင်ကို တားဆီးရမယ့်တာဝန်ကတော့ အစိုးရတစ်ရပ်လုံးရော သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနတွေရော တာဝန်ရှိတာလေ။ အဲဒီတာဝန်ကို ကျွန်တော်တို့က အကောင်အထည်ဖေါ်လိုက်တာပါ”

ဟု မကွေးတိုင်းအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးတိုင်းအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် ဦးဆောင်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် လုံခြုံရေးအဖွဲ့မှ ရဲအုပ်ဝင်းဇော်ဦး ဦးစီးအဖွဲ့၊ ရေနံမနယ်မြေ ရဲစခန်းမှူး ရဲအုပ်အောင်မင်းဦး ဦးစီးအဖွဲ့၊ သက်သေအဖြစ် ဒေသခံအုပ်ချုပ်ရေးအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ရေနံမနယ်မြေရဲစခန်း၏ အနောက်ဘက်(၅)မိုင်ခန့်အကွာရှိ တောအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ တရားမဝင် ရေနံချက်ဖို(၄)ဖိုအား ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်ရှာဖွေမှုပြုလုပ်ရာ အဆိုပါနေရာ၏ အရှေ့ဘက်(၅)ဖာလုံ ခန့်အကွာ၌ တရားမဝင်ရေနံချက်ဖို(၁)ဖိုကို ထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ရေနံမနယ်မြေရဲစခန်း၏ အနောက်မြောက်ဘက်(၄)မိုင်ခန့်အကွာရှိ ရေနံမကျေးရွာနှင့် ဓာတ်ကုန်းကျေးရွာကြား တောအုပ်လျှိုမြောင်အတွင်း၌ ရေနံချက်ရာတွင် အသုံးပြုသော သက်သေခံပစ္စည်း (၂၁) မျိုးအား တွေ့ရှိသိမ်းဆည်းမိကြောင်း သိရသည်။

တရားမဝင်ရေနံချက်ဖိုများဖမ်းဆီးရမိမှုကို ရေနံမနယ်မြေရဲစခန်းတွင် (ပ)၂၃/၂၀၂၀၊ ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်ထားပြီး ပိုင်ရှင်များ ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး ရဲတပ်ဖွဲ့က ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-ရဲစခန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~