ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျွန်းတောတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားအလောင်း (၃)လောင်း တွေ့ရှိ

ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျွန်းတောတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် အမျိုးသားအလောင်း (၃)လောင်း တွေ့ရှိ
ဒီဇင်ဘာ 28, 2019
By Tachileik News Agency
ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ကျွန်းတောတွင် သေနတ်ဖြင့် ပစ်သတ်ခံထားရသည့် 
အမျိုးသားအလောင်း (၃)လောင်း တွေ့ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကုံးမုံကျေးရွာအနီး ကျွန်းတောတစ်ခုတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် လူလတ်ပိုင်းအရွယ်အမျိုးသား (၃)ဦး၏ အလောင်းကို ဒီဇင်ဘာလ (၂၈)ရက်နံနက် (၈)နာရီဝန်းကျင်အချိန်က တွေ့ရှိခဲ့ကြောင်း သိရသည်။

"မနက် (၈)နာရီလောက်မှာ ရဲတပ်ဖွဲ့က အကြောင်းကြားလာတာနဲ့ အသင်းက ကား (၃)စီးနဲ့သွားပြီး သယ်ဆောင် ပေးခဲ့တာပါ၊ သေနတ်ဒဏ်ရာက ခေါင်းမှာ ( ၂ )ဦး၊ နံရုံး/နံဘေး မှာတစ်ဦး၊ အကုန်လုံး အမျိုးသား လူလတ်ပိုင်း လောက်ပဲရှိဦးမယ်၊ အလောင်းတွေကိုတော့ သီပေါ ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးထားပါတယ်" 

ဟု နယ်စည်းမခြား ပရဟိတအသင်းမှ ကိုမျိုး (သီပေါ ) က တာချီလိတ် သတင်းအေဂျင်စီ သို့ ပြောသည်။

အလောင်းများကို တွေ့ရှိခဲ့သည့် နေရာမှာ ကုံးမုံကျေးရွာနယ်နိမိတ်အတွင်းရှိ သီပေါ - လားရှိုး လမ်းမကြီးအနီးမှ (ကားလမ်းနံဘေး) ကျွန်းတောတစ်ခုတွင်းဖြစ်ပြီး သေဆုံးနေသူ (၃)ဦးလုံးမှာ မြေကြီးပေါ်တွင် လဲကျ သေဆုံးနေသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

"သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသား အလောင်း (၃)လောင်းတော့ဟုတ်ပါတယ်၊ သေဆုံးသူတွေက မည်သူ မည်ဝါဆိုတာ သိရဖို့ စုံစမ်းနေဆဲပဲရှိပါသေးတယ်" 

ဟု သီပေါမြို့မရဲတပ်ဖွဲ့က တာဝန်ကျရဲဝန်ထမ်းတစ်ဦးက ဖုန်းလက်ခံဖြေကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်အတွင်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုများ နှစ်စဉ်ရှိခဲ့ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၃)ရက်နေ့ကလည်း ကျောက်မဲမြို့နယ်၊ ဟွေလုံကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် EC တစ်ဦးကိုလည်း ၎င်းရွာထဲရှိနေအိမ်တစ်အိမ်ရှေ့တွင် အမည်မသိ အမျိုးသား (၂)ဦးက သေနတ်ဖြင့် အချက် (၂၀)ခန့် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓါတ်ပုံ -  နယ်စည်းမခြား ပရဟိတအသင်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~