တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်
မတ် 16, 2020
By 🌸

တာချီလိတ်တွင် ကိုရိုနာစောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့သူများကို ဓါတ်ခွဲခန်းအဖြေထွက်သည်အထိ စောင့်ကြည့်စစ်ဆေးထားမည်

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ ဝင်လာသည့် တရုတ်နိုင်ငံသား (၂) ဦးကို  ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နံနက်ပိုင်း၌ ဆေးရုံတွင် သီးခြားစောင့်ကြည့်ကုသမှုပေးထားပြီး အနီးကပ်ထိတွေ့ခဲ့သည့် ဟိုတယ်ဝန်ထမ်းများကို ဓါတ်ခွဲခန်းအဖြေရသည်အထိ စောင့်ကြည့်စစ်ဆေးမှု လုပ်ဆောင်မည်ဟု သိရသည်။

“ ဟိုတယ်နှစ်ခုလုံးက သူနဲ့ထိတွေ့ခဲ့တဲ့ဝန်ထမ်းတွေကို နေအိမ်မှာပဲ သီးခြားစောင့်ကြည့်ဖို့ ညွှန်ကြား ထားပါတယ်။ သူတို့နေအိမ်မှာ တစ်ခြားသူတွေနဲ့ မထိတွေ့ဘဲ (၆)ပေအကွာမှာ နေကြဖို့၊ လက်ဆေးကြဖို့ လိုတာပေါ့။ ဓါတ်ခွဲခန်းအဖြေထွက်တဲ့အထိ စောင့်ကြရမှာ။ ဟိုတယ်တွေလည်း ဆေးဖြန်းတာတွေ လုပ်ရမှာပေါ့”

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကိုရိုနာ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်သည့် တရုတ်နိုင်ငံသား (၂)ဦး တည်းခိုနေထိုင်ခဲ့သည့် ဟိုတယ်နှစ်ခုတွင် အနီးကပ်ရှိခဲ့သည့်ဝန်ထမ်းများစာရင်းကို စောင့်ကြည့်လူနာ၏ ဓါတ်ခွဲခန်းအဖြေရသည်အထိ သီးခြားနေထိုင်စေရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

"ဟိုတယ်ဝန်ထမ်းတွေထဲက သူနဲ့အဓိကထိတွေတဲ့သူတွေကို သီတင်းနှစ်ပတ် သီးခြားနေဖို့တော့ ဆရာဝန်ကြီး ပြောထားတဲ့အတိုင်း ညွှန်ကြားထားတယ်။ အဓိက အနီးကပ်ထိတွေ့တဲ့သူဆိုတာက အခန်းစောင့်တို့၊ အိပ်ခန်းစောင့်တို့ပေါ့"

ဟု ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်ရုံးခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် စောင့်ကြည့်လူနာများနှင့် အနီးကပ်ရှိခဲ့သည့် ဟိုတယ်ဝန်ထမ်းများစာရင်းကို ကျန်းမာရေးဦးစီးဌာနသို့ တင်ပြထားပြီး သီးခြားစောင့်ကြည့်နေထိုင်သည့် ကာလအတွင်း ဝန်ထမ်းများအား လစာခံစားခွင့်ပြုထားမည်ဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူထံမှ သိရသည်။

စောင့်ကြည့်လူနာနှင့် အနီးကပ်ရှိခဲ့၍ မိမိနေထိုင်ရာတွင် သီးခြားနေထိုင်စေရန် သတ်မှတ်ခံရသူများအနေဖြင့် နေအိမ်တွင် သီးခြားခန်းရှိပါက သီးသန့်ခွဲခြားနေထိုင်ရန်၊ သီးခြားအခန်းမရှိပါက မိသားစုနှင့် အတူ ရောနှော နေထိုင်ခြင်းမပြုဘဲ အနည်းဆုံး (၆) ပေခန့်အကွာအဝေးမှ သွားလာနေထိုင်ခြင်းပြုရန်၊ မလိုလားအပ်ဘဲ မိသားစုဝင်များနှင့် ရင်းနှီးစွာပူးကပ်နေထိုင်ခြင်းမပြုရန်၊ နေအိမ်တွင် နေထိုင်စဉ် သတ်မှတ်စောင့်ကြည့်ကာလ (၁၄) ရက်တစ်လျှောက်လုံးတွင် ခွဲစိတ်ခန်းသုံး ပါးစပ်နှင့် နှာခေါင်းစည်း (Surgical Mask) အားအချိန်ပြည့် တပ်ဆင်ထားရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် လက်ကိုဆပ်ပြာဖြင့် မကြာခဏ စနစ်တကျ စင်ကြယ်စွာဆေးရန်၊ အစားအသောက်စားသည့်အချိန်တွင် မိသားစုနှင့် အတူတကွ စားသောက်ခြင်းကို ရှောင်ကျဉ်ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည်။

ယင်းအပြင် အသုံးအဆောင်ပစ္စည်းများကို အထူးဂရုပြု၍ သန့်ရှင်းရေးဆောင်ရွက်ရန်၊ နှာချေ၊ ချောင်းဆိုးလျှင် တစ်ခါသုံးတစ်ရှုးအသုံးပြုရန်၊ အသုံးပြုပြီးတစ်ရှုးကို စနစ်တကျစွန့်ပစ်ရန်၊ လက်ပြန်ဆေးရန်၊ စောင့်ကြည့်ကာလ (၁၄) ရက်အတွင်း လူစုလူဝေးရှိသော နေရာသို့သွားရောက်ခြင်းမပြုရန်၊ မိမိတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက ကျန်းမာရေးဌာနသို့ ချက်ခြင်းအကြောင်းကြားရန်၊ အခြေခံကျန်းမာရေးပညာရှင်များမှ မိမိအိမ်သို့ လာရောက်၍ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပါက ကူညီဆောင်ရွက်ရမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ထားသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~