ကျိုင်းတုံမြို့တွင် နေအိမ်အတွင်း လူသတ်ပြီး ဆိုင်ကယ် လုယက်ခိုးယူမှု ဖြစ်ပွား

ကျိုင်းတုံမြို့တွင် နေအိမ်အတွင်း လူသတ်ပြီး ဆိုင်ကယ် လုယက်ခိုးယူမှု ဖြစ်ပွား

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ရပ်ကွက်(၁) ကုန်းကျောင်းရပ်တွင် လူသတ်ပြီး ဆိုင်ကယ်နှင့်ဖုန်း ယူသွားမှု ဇွန်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ကျိုင်းတုံမြို့ ရပ်ကွက်(၁) ကုန်းကျောင်းရှိ  နေအိမ်အတွင်း သူခိုးဝင်ရောက်ပြီး ဆိုင်ကယ်ခိုးယူစဉ် နေအိမ်ရှိ မနန်းပင်းတစ်မှ တွေ့မြင်သွားကာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မနန်းပင်းတစ်ကို သတ်ပြီး ဆိုင်ကယ်ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

အိမ်ကို ဆိုင်ကယ်လာလုတာတဲ့ အဲ့ဒါနဲ့ ရုန်းရင်ဆန်ခတ်ဖြစ်ပြီး ကောင်မလေးကို လည်ပင်း ကြိုးစွပ်ပြီး သတ်သွားတာ။ အသက်ရှူမရတော့ဘဲ သေသွားတာလို့ သိရတယ်။ သူက အိမ်မှာ တစ်ဦးတည်းနေတာလို့လည်း သိရတယ်

ဟု နီးစပ်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား ကျန်းမာရေးမှ စစ်ဆေးရန်အတွက် တိုင်းနေ နာရေးကူညီမှုအသင်းက သွားရောက်သယ်ဆောင်ပြီး ကျိုင်းတုံဆေးရုံရှိ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း နှင့် တရားခံအား ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း စစ်ဘက်အုပ်ချုပ်ရေးနှင့်အရပ်ဖက်အုပ်ချုပ်ရေးမှ တာဝန်ရှိသူများသည် စစ်အာဏာရှင်ဆန့်ကျင်သူများကိုသာ ဖမ်းဆီးအရေးယူရေး ဦးစားပေးလုပ်ဆောင်နေပြီး ခိုးဆိုးလုယက်မှုများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေး၍ ကျိုင်းတုံမြို့ နှင့် တာချီလိတ်မြို့တို့တွင် ဆိုင်ကယ်ခိုးမှုများ နေ့စဉ်နီးပါး ဖြစ်ပွားနေပြီး လုယက်မှုမှတည် လူသတ်ပြီး လုယူသည်အထိ ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

#TachileikNewsAgency

ဓါတ်ပုံ - တိုင်းနေ နာရေးကူညီမှုအသင်း