ဓါတုပစ္စည်းဖြစ်သည့် Sodium Ethoxide အမှုန့် ကီလို(၁၂,၀၀၀)ကျော်ကို ရှမ်းမြောက်တွင် ဖမ်းဆီးရမိ

ဓါတုပစ္စည်းဖြစ်သည့် Sodium Ethoxide အမှုန့် ကီလို(၁၂,၀၀၀)ကျော်ကို ရှမ်းမြောက်တွင် ဖမ်းဆီးရမိ
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

ဓါတုပစ္စည်းဖြစ်သည့် Sodium Ethoxide အမှုန့် ကီလို(၁၂,၀၀၀)ကျော်ကို ရှမ်းမြောက်တွင် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်-နမ့်ခမ်း သွားကားလမ်း ပေါ်တွင် မောင်းလာသည့် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာမှ ဓါတုပစ္စည်းဖြစ်သည့် ဆိုဒီယမ်အီသိုဆိုဒ် အမှုန့် စုစုပေါင်း ကီလို(၁၂,၄၀၀)ကို သိမ်းဆည်းရမိ၍ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ နေ့လည်(၁)နာရီ ဝန်းကျင်အချိန်က နမ့်ခမ်းမြို့နယ်အပိုင်း မူဆယ် - နမ့်ခမ်းသွား ကားလမ်းပေါ်တွင် မူဆယ်မြို့ဘက်မှ နမ့်ခမ်းမြို့ဘက်သို့ ကျော်ဌေးဦး(ခ)အိုက်ဦး မောင်းလာပြီး စိုးမင်း(ခ)စိုးမြင့် လိုက်ပါလာသည့် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက ယာဉ်ပေါ်တွင် ဆာလာအိတ်များဖြင့် ထည့်ထားသည့် ဆိုဒီယမ်အီသိုဆိုဒ် အမှုန့် စုစုပေါင်း ကီလို(၆,၀၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ၎င်းတို့ နှစ်ဦးအား စစ်ဆေးမှုများ ပြုလုပ်ရာက သိမ်းဆည်းရမိသည့် ဓာတုပစ္စည်းများသည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်တွင် နေထိုင်သူ ဟူကျားချိန်ထံက ရယူသယ်ဆောင်လာခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ညနေ(၃)နာရီဝန်းကျင်တွင် မူဆယ်မြို့ရှိ ဟူကျားချိန်၏ နေအိမ်သို့ သွားရောက် ရှာဖွေစစ်ဆေးရာက နေအိမ်မှာ ဟူကျားချိန် နှင့်အတူ ဆိုဒီယမ်အီသိုဆိုဒ် အမှုန့် စုစုပေါင်း (၆,၄၀၀)ကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် ဆိုဒီယမ်အီသိုဆိုဒ်များနှင့် ပတ်သက်၍ ကျော်ဌေးဦး(ခ)အိုက်ဦး နှင့် စိုးမင်း(ခ)စိုးမြင့်တို့ နှစ်ဦးအား  နမ့်ခမ်း မြို့မရဲစခန်း၊ (ပ)၉/၂၀၂၀၊ ဓာတုပစ္စည်းများ အန္တရာယ်တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် လည်းကောင်း၊ မူဆယ်တွင် ဖမ်းဆီးရမိသည့် ဟူကျားချိန်အား မူဆယ်မြို့မရဲစခန်း၊ (ပ) ၁၁၆/၂၀၂၀၊ ဓာတုပစ္စည်းများ အန္တရာယ်တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~